ရန်ကုန်၊ ဧပြီလ(၁)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂ဝ၁၉ခုနှစ် နွေရာသီအခြေခံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနှင့် Zumba သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် အမှုဆောင်များ၊ နည်းပြဆရာမများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆို၍ ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် အမှုဆောင်များက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ သင်တန်းသူများက အားကစားသရုပ်ပြသခဲ့ပြီး၊ အဆိုပါသင်တန်းကို အောင်ဆန်းကွင်း၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ရွှေပြည်သာ မြို့နယ်များမှ သင်တန်းသူ(၂၂ဝ)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။