ရန်ကုန်၊ ဒီဇင်ဘာလ(၅)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်ဖလား အသက်(၁၆)နှစ်အောက်နှင့် အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး 3x3 (၃)ဦးစီ ကွင်းတစ်ဝက်ကစားရသော ဘတ်စကတ်ဘောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကိုယနေ့မွန်းလွဲ (၁)နာရီက ရန်ကုန်တိုင်းဒေသကြီး မဂင်္လာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲ ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်မှ အမှုဆောင် ဒေါ်သန်းသန်းအေးက အမျိုးသမီး အသက်(၁၆)နှစ်အောက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော Magnet အအသင်း၊ ပထမဆုရရှိသော ISPE အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားနှင့်အတူ ဆုဖလားအား ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံဘတ်စကတ်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးခင်မောင်အေးက အမျိုးသား အသက် (၁၆)နှစ်အောက်ပြိုင်ပွဲတွင် တတိယဆုရ ISPE အသင်း၊ ဒုတိယဆုရ Forward အသင်းနှင့် ပထမဆုရ INNIT အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားနှင့်အတူ ဆုဖလားကို ပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ မြန်မာနိုင်ငံ ဘတ်စကတ်ဘောအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ဒေါ်ကြူကြူက အမျိုးသမီး အသက်(၁၉)နှစ်အောက် ပြိုင်ပွဲတွင် တတိယဆုရ GUYS အသင်း၊ ဒုတိယဆုရ LIT အသင်းနှင့် ပထမဆုရ ISPE အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားနှင့်အတူ ဆုဖလားအားပေးအပ်ချီးမြှင့် ၍လည်းကောင်း၊ မြန်မာနိုင်ငံဘတ်စကတ်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်က အမျိုးသား အသက်(၁၉)နှစ်အောက် ပြိုင်ပွဲတွင် တတိယဆုရ Medical (A) အသင်း၊ ဒုတိယဆုရ Jelly အသင်းနှင့် ပထမဆုရ RIP City အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားနှင့်အတူ ဆုဖလားတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။