နေပြည်တော်၊ ဧပြီလ(၄)ရက်။
အားကစားနှင့်ကာယပညာဦးစီးဌာန နွေရာသီ အခြေခံရေကူးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မြန်မာ့အားကစား အဆင့်အတန်းမြင့်မားလာစေရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအတွက် တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားနှင့်ကာယပညာကော်မတီတို့၏ ပူးပေါင်းကူညီမှုရရှိပြီး တစ်ပြည်လုံးအတိုင်းအတာနှင့် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် အနာဂါတ် မျိုးဆက်သစ်လူငယ်များနှင့် ကျန်းမာ ကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေခြင်းအပြင် ပြည်သူလူထုတစ်ရပ်လုံး အားကစားကိုစိတ်ပါဝင်စားလာစေရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအနေနှင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်/မယ်များ ထွက်ပေါ်လာစေရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် နွေရာသီအခြေခံ ရေကူးသင်တန်းမှ ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အရေးကြုံက သက်လုံကောင်းစေရန်တို့ကို ရည်ရွယ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နွေရာသီအခြေခံ ရေကူးသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်အတွက်ရော မြန်မာ့ အားကစားလောက အတွက်ပါ အကျိုးထူးများ မလွဲမသွေ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများအနေနှင့်လည်း မိမိတို့၏ ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသော လူတော်လူကောင်းများဖြစ်လာစေရန် အခုလို အားကစားသင်တန်းမှာ တက်ရောက်သင်ကြားပေးစေလိုကြောင်း၊ နွေရာသီအခြေခံရေကူးသင်တန်းကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂ဝ၁၅ ခုနှစ်မှစ၍ နှစ်စဉ် (ရန်ကုန်၊ နေပြည်တော်)တို့တွင် ဖွင့်လှစ်သင်ကြားပေးကြောင်းနှင့် နောင်နှစ်များတွင်လည်း စဉ်ဆက်မပြတ်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါကြောင်း၊ နိုင်ငံတော်အတွက် ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး လူအား၊ ငွေအား၊ ပစ္စည်းအား များနှင့် ရင်းနှီးမြှုပ်နှံ သင်ကြားပေးနေကြောင်း၊ သင်တန်းသားများအနေနှင့်လည်း သင်တန်းကရရှိလာတဲ့ နည်းစနစ်များနှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက်လေ့လာ လိုက်စားရင်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နွေရာသီရေကူးသင်တန်း သင်တန်းနည်းပြဆရာများအား ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပြီး အောင်မြင်စွာတက်ရောက်ခဲ့ကြသော သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါသင်တန်းကို (၅.၃.၂ဝ၁၉)ရက်နေ့မှ (၄.၄.၂ဝ၁၉) ရက်နေ့အထိ နည်းပြဆရာ(၃)ဦးမှ သင်တန်းသား/သူ (၁၇၉)ဦးအား ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။