spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အိုလံပစ်အမျိုးသမီးခြေစစ်ပွဲ ဒုတိယပွဲ မြန်မာနှင့် အင်ဒိုနီးရှား ယနေ့ကစားမည်

အိုလံပစ်အမျိုးသမီးခြေစစ်ပွဲ ဒုတိယပွဲ မြန်မာနှင့် အင်ဒိုနီးရှား ယနေ့ကစားမည်

 

ရန်ကုန် ဧပြီ (၅)

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည့် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယ အဆင့်ခြေစစ်ပွဲ အုပ်စု (က) ဒုတိယနေ့ကို ဧပြီ ၆ ရက် (ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် အဖွင့်ပွဲတွင် နီပေါ အသင်းကို အနိုင်ရခဲ့သောကြောင့် နောက်တစ်ဆင့် တက်ရောက်ရန် အခွင့်အရေးကောင်းသွားသော်လည်း လက်ကျန်နှစ်ပွဲစလုံး အရေးပါနေသောကြောင့် မဖြစ်မနေ နိုင်ပွဲရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ် သည်။ အင်ဒိုနီးရှားအသင်းသည် ယင်းအုပ်စုတွင် အင်အားအနည်းဆုံးအသင်း ဖြစ်သော်လည်း အိန္ဒိယအသင်းကို နှစ်ဂိုးဖြင့်သာ ရှုံးခဲ့ သောကြောင့် မြန်မာအသင်းအနေဖြင့် ပေါ့ဆ၍မရဘဲ ဖိဖိစီးစီးကစားမှသာ ဂိုးပြတ် အနိုင်ရမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး တစ်သင်းစီသာ တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်မည်ဖြစ်ရာ မြန်မာအသင်း အနေဖြင့် လက်ကျန်နှစ်ပွဲဖြစ်သည့် အင်ဒိုနီးရှား၊ အိန္ဒိယတို့နှင့် နှစ်ပွဲစလုံး အမှားလုပ်၍ မရပေ။ မြန်မာအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ''နီပေါအသင်းကို အနိုင်ရခဲ့ ပေမယ့် ခြေစွမ်းအရ အကောင်းဆုံးအနေအထားမှာ မရှိသေးပါဘူး။ ဒါကြောင့် အကောင်းဆုံးပုံစံရဖို့ ကြိုးစားနေပါတယ်။ တိုက်စစ်ကလည်း ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်အောင်နဲ့ ဂိုးတွေရသလောက်သွင်းနိုင်အောင် ကြိုးစားမှာပါ''ဟု ပြောကြားခဲ့သည်။

ဒုတိယနေ့ကို မ္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ညနေ ၃ နာရီတွင် အိန္ဒိယအသင်းနှင့် နီပေါအသင်း၊ ညနေ ၆ နာရီတွင် မြန်မာ အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

 

#ညီမြတ်သော်တာ

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%81%E1%80%BC%E1%80%B1%E1%80%85%E1%80%85%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%95%E1%80%BD%E1%80%B2-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%94%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8-%E1%80%9A%E1%80%94%E1%80%B1%E1%80%B7%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%99%E1%80%8A%E1%80%BA