နေပြည်တော်၊ ဧပြီလ(၈)ရက်။
အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားဆေးဘက်ဌာနခွဲ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့်အာဟာရဆန်းစစ်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၁း၀၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယ၀န်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်ကြီးတွင် နည်းပညာများတိုးတက်စေရန်မှာ ှSports Science အလွန်ပင်အရေးကြီးကြောင်း၊ မတူညီသည့် အားကစားနည်းအလိုက် လေ့ကျင့်ရမည့်ပုံစံများ၊ နည်းစနစ်များမှာလည်းကွာခြားမည်ဖြစ်ပြီး ဆေးသိပ္ပံပညာရပ်ဖြင့် အားကစားသမားများ၏ကြံ့ခိုင်မှုများနှင့် အာဟာရဆိုင်ရာများကို တိကျစွာတွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ အားကစားသမားများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်မည်ဆိုပါက မြန်မာအားကစားသမားများ အောင်မြင်မှုများရရှိလာမည်ဖြစ်ပါကြောင်း၊
ယခုအရှေ့တောင်အာရှနိုင်ငံများထဲမှ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ပင် Sports Science ကို စနစ်တကျဆောင်ရွက်လာကြပါသဖြင့် မိမိတို့နိုင်ငံအနေဖြင့်လည်း Sports Science ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နှစ်စဉ် Fitness စက်ပစ္စည်းများ၀ယ်ယူထားရှိပြီး သက်ဆိုင်ရာအားကစားနှင့်ကာယပညာသိပ္ပံကျောင်း များသို့ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထိုပစ္စည်းများဖြင့် ကြံ့ခိုင်စစ်ဆေးခြင်းများကို ထိရောက်စွာအသုံးချ နိုင်စေရန်နှင့် သင်တန်းမှရရှိလာသောပညာရပ်များ၊ နည်းစနစ်များကို အကျိုးရှိရှိအသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဆေးဘက်ဆိုင်ရာ၀န်ထမ်းများအတွက်အရေးပါသောသင်တန်းတစ်ခုဖြစ်ပြီး အားကစားနည်းအလိုက် အားကစားသမား(၁)ဦးချင်းစီ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အာဟာရလိုအပ်ချက်များကို စနစ်တကျတွက်ချက်၍ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဖြစ်လာစေရန် ပံ့ပိုးပေးနိုင်သော သင်တန်းတစ်ခုဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ အားကစားဆေးဘက်ဌာနခွဲမှ ဆေး၀န်ထမ်းများအနေဖြင့် ယခုလိုသင်တန်းများတွင် ကျွမ်းကျင်ပညာရှင်များ၏ သင်ကြားပို့ချချက်များကို လိုက်နာမှတ်သားပြီး အားကစားတိုးတက်ရေးအတွက် ကိုယ်တတ်စွမ်းသောပညာရပ်များဖြင့် ကြိုးပမ်းအားထုတ်ကြရန်မှာကြားခဲ့ပါသည်။
နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြန်မာအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် ခေတ်နှင့်အညီ မသိမဖြစ်၊ မရှိမဖြစ်ပညာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်သောကြောင့် ယခုသင်တန်းမှ အတွေ့အကြုံကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာ့အားကစားတိုးတက် မြင့်မားရေးနှင့် မြန်မာအားကစားသမားများ မိမိတို့၏ ပြိုင်ဘက်အားကစားသမားများကို ရင်ဘောင်တန်း ယှဉ်ပြိုင်စေရန် လိုအပ်သည့် ကြံ့ခိုင်မှု၊ အာဟာရစားသုံးမှုစသည်တို့ကို စနစ်တကျ တွက်ချက်ပံ့ပိုးနိုင်မည် ဖြစ်သောကြောင့် စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ ဂရုဏာအရင်းခံပြီးနိုင်ငံ၀န်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြပါဟု မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယ၀န်ကြီးမှ သင်တန်းတွင် Fitness & Nutrition Assessment Training Courseကို သင်ကြားပေးမည့် ဒေါက်တာရဲတင့်လွင်အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို (၈.၄.၂၀၁၉)ရက်နေ့မှ (၉.၄.၂၀၁၉)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ(၆၀)ဦးဖြင့် တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။