ရန်ကုန်၊ ဧပြီလ(၂၈)ရက်။
၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂ဝ၁၉ခုနှစ် အားကစားပြိုင်ပွဲများအတွက် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ဧပြီလ(၂၇) ရက်နေ့၊ ည(၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးအဖွဲ့ရုံး ဧည့်ခန်းမကြီး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်း အားကစားဆပ်ကော်မတီများမှ ဥက္ကဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်ဆုရ အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုက်ကွမ်ဒို၊ စားပွဲတင် တင်းနစ်၊ အလေးမ၊ ကရာတေးဒို အားကစားနည်းများမှ ပေးအပ်သော တံခွန်စိုက် ဆုဖလားများအားလက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည်ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စစ်တုရင် ကစားနည်းမှ ပေးအပ်သောတံခွန်စိုက်ဆုဖလားကိုလက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည်ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တင်းနစ်၊ ကြက်တောင်၊ ဂေါက်သီး၊ ဂျူဒိုကစားနည်းများမှ ပေးအပ်သော တံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည်ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ရေကူးကစားနည်းများမှ ပေးအပ်သောတံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည်ပေးအပ် ချီးမြှင့်၍လည်းကောင်း၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ဝူရှူး၊ စက်ဘီးကစားနည်းများမှ ပေးအပ်သော တံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည်ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးက မြန်မာ့သိုင်းကစားနည်းမှ ပေးအပ်သောတံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများအား ပြန်လည်ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးဆပ်ကော်မတီနာယက ဒေါ်အေးအေးမြင့်က အေရိုးဗစ်နှင့်အမျိုးသမီး U-25 ဘောလုံးအားကစားနည်းများမှ ပေးအပ်သော တံခွန်စိုက်ဆုဖလားကို လက်ခံပြီး ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၂ဝ၁၉ခုနှစ် အားကစားပြိုင်ပွဲများအတွက် ရန်ကုန်တိုင်းဒေသကြီးအားကစားအဖွဲ့များသို့ အောင်နိုင်ရေး အလံပေးအပ်ကာ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။