spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၊ ဧပြီလ(၃ဝ) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သောလူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ စစ်တုရင်အားကစားနည်းကို ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက်နေရာယူပြီးနောက် ဒုတိယအမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ကျင်းပပေးရ ခြင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ် စစ်တုရင်ကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက် လာစေရေးနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သော စစ်တုရင်အားကစားသမားကောင်းများ ရရှိရေးတို့အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အားကစားနယ်ပယ်များတွင် အားကစားနည်း အများစုသည် ကိုယ်လက်လှုပ်ရှားမှုကို အခြေခံထားပြီး ကစားကြတာကို တွေ့ရပြီး စစ်တုရင်အားကစားနည်းမှာတော့ စိတ်ပိုင်းဆိုင်ရာကို အခြေခံထားပြီး ကစားရသည့် အားကစားနည်းဖြစ်သည့်အတွက် စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုကို အဓိကထားပြီး ယှဉ်ပြိုင်ကစားရသော အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ စစ်တုရင်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက် လာစေရေးအတွက် ယခုလို တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများကို ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည် မိမိတို့ ကိုယ်စားပြုသော တိုင်းဒေသကြီးနှင့်ပြည်နယ်ဂုဏ်ကို မြှင့်တင်ပြီး အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ဆောင်သွားကြစေလိုကြောင်း၊ မိမိတို့၏ တစ်ဦးချင်း အရည်အချင်းများကို အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးမြသန်းထိုက်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက် ကြပြီးနောက် အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် မြန်မာ့ရိုးရာစစ်တုရင် တစ်ဦးချင်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အသီးသီးရှိ ပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အားကစားသမားစုစုပေါင်း (၂၄၉)ဦးတို့သည် ဧပြီလ (၃ဝ)ရက်နေ့မှ မေလ(၇)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစား(ြ)ရုံ၌ နေ့စဉ်နံနက်(၉)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင်အလွတ်တန်းပြိုင်ပွဲကို ကစားသမား(၅၄)ဦးဖြင့်လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ အသက် (၂ဝ)နှစ်အောက် အမျိုးသားပြိုင်ပွဲကို ကစားသမား(၅၃)ဦးဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲကို ကစားသမား (၄၇)ဦးဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အသက် (၂၅)နှစ်အောက် အမျိုးသမီးပြိုင်ပွဲကို ကစားသမား(၄၃)ဦးဖြင့်လည်းကောင်း ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စစ်တုရင် အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95