spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Physical Education Today For an Active Tomorrow Seminar အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခေါင်းစဉ်များအပြီးသတ် အတည်ပြုသတ်မှတ်နိုင်ရေး၊ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် လုပ်ငန်းဆပ်ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Physical Education Today For an Active Tomorrow Seminar အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခေါင်းစဉ်များအပြီးသတ် အတည်ပြုသတ်မှတ်နိုင်ရေး၊ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် လုပ်ငန်းဆပ်ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၊ မေလ(၂) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Today For an Active Tomorrow Seminar အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခေါင်းစဉ်များအပြီးသတ် အတည်ပြု သတ်မှတ်နိုင်ရေး၊ ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် လုပ်ငန်းဆပ်ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁ဝ:ဝဝ)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးမြသန်းထိုက်၊ အားကစား နှင့် ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွန့်၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးတင်မောင်ဝင်းနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အားကစာနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

 

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် PE Seminar  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ဖတ်ကြားမည့် စာတမ်းခေါင်းစဉ်များအား ယခုအစည်းအဝေးတွင် အတည်ပြုပေးရန် လိုအပ်ကြောင်း၊ PE Seminar  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရုံးအမိန့်ထုတ်ပြန် တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများအနက် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီများအနေဖြင့် ပညာရေးဘက်မှ ဖိတ်ကြားမည့် လျာထားစာရင်းကိုလည်းကြိုတင် ညှိနှိုင်းတောင်းခံထားရန် လိုအပ်ကြောင်း၊ စုစုပေါင်း PE Seminar  တက်ရောက်ရန် အင်အား(၁ဝဝဝ)ခန့် လျာထားသတ်မှတ်ထားပြီး ပညာရေးဝန်ကြီးဌာနမှ အင်အား (၅၅ဝ)ဦး သတ်မှတ်ထားသဖြင့် အမှန်တကယ်တက်ရောက်ရန် ဖိတ်ကြားမည့်စာရင်းရရှိရန် လိုအပ်ကြောင်း၊ မိမိတို့ ဌာနဘက်မှလည်း တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ အားကစားအဖွဲ့ချုပ်ဥက္ကဌများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အားကစားမှူးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ အားကစားဆပ်ကော်မတီများအား ဖိတ်ကြားရန် လိုအပ်ကြောင်း၊ အခြားဖိတ်ကြားသင့်သူများ မကျန်ရှိစေရေးအတွက်လည်း ဖိတ်ကြားမည့် ဖိတ်ကြားစာရင်းအား တင်ပြအတည်ပြုရယူပြီးမှသာ ဖိတ်ကြားရန် လိုအပ်ကြောင်း၊ ပြည်ပမှ ဖိတ်ကြားထားသည့် ပညာရှင်များ၏ တည်းခို၊ နေထိုင်၊ စားသောက်ရေးနှင့် သွားလာရေးတို့အတွက်လည်း အထူးဂရုပြု ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သြစတြေးလျမှ လာရောက်မည့် ပညာရှင်အတွက် ပညာရေးဌာနမှ တာဝန်ယူဆောင်ရွက်ပေး စေလိုအပ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်မည့် ပြည်တွင်းမှ ဧည့်သည်တော်များ၏ တည်းခို၊ နေထိုင်၊ စားသောက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးတို့အတွက်လည်း လုပ်ငန်းကော်မတီ အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ Seminar တွင် ဆွေးနွေးမည့် စာတမ်းရှင်များအားလုံး၏ Power Point များ၊ စာတမ်းများအား (၁၇.၅.၂ဝ၁၉)ရက်နေ့ နောက်ဆုံးထား၍ မှတ်တမ်းတင်ရေးကော်မတီသို့ ပေးပို့ကြရန် လိုအပ်ပါကြောင်း၊ Seminar တွင် Chair Person အဖြစ် တာဝန်ယူမည့် ပုဂ္ဂိုလ်(၄)ဦးအား ပညာရေးဌာနဘက်မှ ကြိုတင်ရွေးချယ်ပေးရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်တင်ညွှန့်မှလည်း Seminarတွင် ဆွေးနွေးမည့်  စာတန်းရှင်များ၏ Power Point များကို (၁ဝ)ရက် အကြိုပေးမည် ဖြစ်ကြောင်းနှင့် စာတမ်းခေါင်းစဉ်(၂)စောင်အား (၇)ရက်နေ့တွင် မူကြမ်းပေးပို့တင်ပြပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးတင်မောင်ဝင်းမှ ပညာရေးဘက်မှ တာဝန်ယူထားသော စာတမ်း(၅)စောင်၏ မူကြမ်းရရန်အတွက် တိုက်တွန်းပေးမည်ဖြစ်ပါကြောင်း၊ စာတမ်းများအားလည်း ပြန်လည်စီစစ်ပြီးမှ ပေးပို့ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသူများမှ မေလ(၂၇) ရက်နေ့တွင် ဆွေးနွေးပြောကြားမည့် ခေါင်းစဉ်(၈)ခုနှင့် မေလ(၂၈)ရက်နေ့တွင် ဆွေးနွေးမည့် စာတမ်းခေါင်းစဉ်(၈)ခုအား ပြန်လည်စီစစ်အတည်ပြုဆုံးဖြတ်ခဲ့ကြပြီး လိုအပ်သည်များ ထပ်မံဖြည့်စွက်ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသော ဆပ်ကော်မတီအသီးသီးမှ မိမိတို့၏ ဆပ်ကော်မတီအလိုက် အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများမှ ကော်မတီအလိုက် လိုအပ်ချက် အခက်အခဲများကို တာဝန်ရှိသူများထံ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပါသည်။    ဆက်လက်၍ သဘာပတိ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/physical-education-today-active-tomorrow-seminar-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%85%E1%80%BD%E1%80%AC%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA