ရန်ကုန်၊ မေလ( ၅ )ရက်။
၂ဝ၁၉ခုနှစ်၊ နွေရာသီဖိတ်ခေါ်အလွတ်တန်းနှင့် အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နာယက ဒေါက်တာဒေါ်နီနီ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့်အားကစားသမားများတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဥက္ကဌကိုယ်စား ဒုတိယဥက္ကဌ ဦးမြင့်သိန်းကအဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နာယက ဒေါက်တာဒေါ်နီနီ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌများနှင့် အမှုဆောင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲကျင်းပရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှပံ့ပိုးငွေနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌများ၊ အမှုဆောင်များက စုစုပေါင်းကျပ်ငွေ(၁၉၅)သိန်းရရှိသောလှူဒါန်းငွေများကို အသီးသီးပေးအပ်ရာ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နာယက ဒေါက်တာဒေါ်နီနီမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ အားပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်မှအသင်းများ၊ ကလပ်အသင်းများ၊ ပြိုင်ပွဲဝင်အသင်း(၆၇)သင်း၊ အားကစားသမားစုစုပေါင်း(၈ဝဝ)ခန့်သည် မေလ(၁၄)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရသည်။