spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ASEAN WORK PLAN ON SPORTS 2016-2020 MID-TERM REVIEW VALDATION WORKSHOP အား မြန်မာနိုင်ငံ၌ကျင်းပပြုလုပ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တက်ရောက် သဘာပတိအဖြစ်ဆောင်ရွက်

ASEAN WORK PLAN ON SPORTS 2016-2020 MID-TERM REVIEW VALDATION WORKSHOP အား မြန်မာနိုင်ငံ၌ကျင်းပပြုလုပ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တက်ရောက် သဘာပတိအဖြစ်ဆောင်ရွက်

နေပြည်တော် ၊ မေလ(၇) ရက်။    

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ASEAN WORK PLAN ON SPORTS 2016-2020 MID-TERM REVIEW VALDATION WORKSHOP အစည်းအဝေးအား ယနေ့နံနက် (၉:ဝဝ)နာရီအချိန်တွင် Kempinski Hotel ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်၍ အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ မြန်မာကိုယ်စားလှယ်ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်နှင့် တာဝန်ရှိသူများ၊ အာဆီယံ(၁ဝ)နိုင်ငံမှ ကိုယ်စားလှယ် အားကစားဆိုင်ရာ အဆင့်မြင့် အရာရှိကြီများ၊ အာဆီယံရုံးချုပ်မှ အားကစားဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အစည်းအဝေးတက်ရောက်လာကြသူများသည် အာဆီယံသီချင်းကို မတ်တပ်ရပ်သီဆိုကြပြီးနောက် သဘာပတိ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသည် ကျွန်ုပ်တို့၏ နေ့စဉ်လူနေမှုဘဝတွင် အရေးပါသည့် ကဏ္ဍအဖြစ် ရပ်တည်ရုံသာမက သံတမန်ရေးရာတွင် အထိရောက်ဆုံး ကဏ္ဍအဖြစ် ရပ်တည် ပါကြောင်း၊ မတူညီသော နိုင်ငံ၊ ဒေသများကြားတွင် ပေါင်းစည်းရေးအတွက် အဓိကအရေးပါအရာရောက်သော ပေါင်းစည်းရေးကဏ္ဍကြီးဖြစ်ပါကြောင်း၊ အာဆီယံ (၁ဝ)နိုင်ငံ အားကစားလှုပ်ရှားမှုများအား တိုးမြှင့်လုပ်ဆောင်ခြင်းသည် တစ်ကမ္ဘာလုံးတွင် အတားအဆီးမရှိ ပူးပေါင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်နိုင်ပါကြောင်း၊ ယနေ့အစီအစဉ်အရ အာဆီယံနိုင်ငံများတွင် အားကစားရည်မှန်းချက် ၂ဝ၁၆-၂ဝ၂ဝ ကာလအတွင်း နှစ်ဝက်ပိုင်းကာလ၏ အရေးပါသည့် အားကစား လုပ်ဆောင်ပြီးစီးမှုများ၊ လုပ်ဆောင်ရန် ကျန်ရှိမှုများ အကြောင်းအရာများစွာကို ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသများကြားတွင် အားကစားကဏ္ဍအား တိုးမြှင့်လုပ်ဆောင်ရေးအတွက် အရေးပါသည့် အကြောင်းအရာများနှင့် လက်ရှိဖြစ်ပျက်နေသော အကြောင်းအရာများပေါ်တွင် အမြင် ဖလှယ်ခြင်းများကို ဆွေးနွေးမှုပြုလုပ်ကြမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အာဆီယံနိုင်ငံကိုယ်စားလှယ်များ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြပြီးနောက် မြန်မာနိုင်ငံ ကိုယ်စားလှယ်များခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသော အာဆီယံ(၁ဝ)နိုင်ငံ ကိုယ်စားလှယ်များမှ အာဆီယံရိုးရာ အားကစားပြိုင်ပွဲများ ကျင်းပရေးကိစ္စရပ်များ၊ နည်းပြများအား သက်ဆိုင်ရာသင်တန်းများ ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ ကျောင်းသား အားကစားသမားများအတွက် စေတနာ့ဝန်ထမ်းအစီအစဉ်များ ဆောင်ရွက်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ SEA GAMES ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားကွင်း/ရုံ ဆိုင်ရာ ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းကိစ္စရပ်များ၊  ရိုးရာအားကစားပွဲဆိုင်ရာအပြင် အခြားသောအစည်းအဝေးနှင့် ညီလာခံကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊ ဂျပန်နိုင်ငံကဲ့သို့သော အခြားအာဆီယံမဟုတ်သည့် နိုင်ငံများနှင့် ဆက်သွယ်ခြင်းနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံနိုင်ငံအတွင်း အားကစားသံတမန်များနှင့် အားကစားစံပြများ ခန့်အပ်ခြင်းဆိုင်ရာကိစ္စရပ်များ စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံသည် ၄င်းတို့၏ ဦးဆောင်မှုအပိုင်းကဏ္ဍဖြစ်သော ASEAN PHYSICAL FITNESS INDICATORS  (APFI) အကြောင်းအရာကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစည်းအဝေးအား မေလ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ Kempinski Hotel ၌ နံနက်(၉:ဝဝ)နာရီအချိန်မှ စတင်ကာ ညနေ(၅:၀၀)နာရီထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/asean-work-plan-sports-2016-2020-mid-term-review-valdation-workshop-%E1%80%A1%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6