spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားအရင်းအမြစ်များလေ့လာခြင်းဆိုင်ရာ သုတေသနအကြိုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားအရင်းအမြစ်များလေ့လာခြင်းဆိုင်ရာ သုတေသနအကြိုသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 
နေပြည်တော်၊ မေလ(၈) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှဖွင့်လှစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားအရင်းအမြစ်များလေ့လာခြင်းဆိုင်ရာ သုတေသနအကြိုသင်တန်းအား ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း(သတင်းပြန်ကြားရေးခန်း)၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဆန်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးမွန်နှင့် သုတေသနအရာရှိ ဒေါက်တာကျော်မင်းထွဋ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် သုတေသနလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၊ ဌာနတစ်ခုတိုးတက်အောင်ဆောင်ရွက်သည့်နေရာတွင် လိုအပ်သောလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအနေနှင့် ၀န်ကြီးဌာနလက်အောက်တွင်ရှိသော ဦးစီးဌာနအလိုက် သုတေသနလုပ်ငန်းများကို အရှိန်အဟုန်နှင့် ဆောင်ရွက်လာနိုင်အောင် ပံ့ပိုးဆောင်ရွက်ပေးမှုများကို ပိုမိုပြီးလုပ်ကိုင်လာတာတွေ့ရမှာဖြစ်ကြောင်း၊ ဒီအခွင့်အရေးကိုအသုံးချပြီး အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် သုတေသနနယ်ပယ်ကို ပထမဆုံး စတင်၀င်ရောက်နိုင်အောင် အတွေ့အကြုံသစ်များရရှိပြီး တိုင်းပြည်အတွက် အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုဆောင်ရွက်နိုင်အောင် အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲကို နည်းပညာပိုင်း ကျွမ်းကျင်သူများ၏ အကြံပေးကူညီမှုများနှင့် သုတေသနအဆိုပြုလွှာတင်နိုင်အောင် ကြိုးစားဖို့ရည်ရွယ်ပြီး လမ်းကြောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ 
 
ယခုသင်တန်းသည် သုတေသနနယ်ပယ်ကို တရား၀င်၀င်ရောက်ရန်ကြိုးစားသော အားကစားစီမံကိန်းသုတေသနဌာနခွဲ၏ အစဦးဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း၊ ဤသုတေသနတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားပြိုင်ပွဲများ ကျင်းပပေးမှု၊ ပြည်သူများပါ၀င်လာမှုနှင့် အားကစားအရင်းအမြစ်များကို စိစစ်လေ့လာ သုတေသနပြုရန်အတွက် ကြိုတင်လေ့ကျင့်ပေးသောသင်တန်းဖြစ်ကြောင်း၊  သင်တန်းသား/သူသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အချက်အလက်များကို စုစည်းကောက်ယူခြင်း၊ လစဉ်လုပ်ဆောင်သွားခြင်း၊ နယ်မြေဒေသများကို ကွင်းဆင်းပြီး ထိုဒေသများ၏ အားကစားတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို တွေ့ဆုံမေးမြန်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ရရှိလာသောအချက်အလက်များအပေါ်တွင် အားကစားနှင့်ပတ်သက်ပြီး ပြည်သူများ တကြွ်ကစွာပါ၀င် လာနိုင်ရေး၊ ပြည်သူ့ကျန်းမာရေးအတွက် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်ရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ နည်းပြများ မျှတမှုရှိ/မရှိ၊ အားကစားကွင်း/ရုံများ လုံလောက်မှုရှိ/မရှိ အခြေအနေများကိုလေ့လာပြီး ပိုမိုကောင်းမွန်သော နည်းလမ်းကောင်းများ ရှာဖွေဖော်ထုတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထိုအချက်အလက်များကို တင်ပြနိုင်ရေး စီမံဆောင်ရွက်သည့်နေရာတွင် သုတေသနသဘောတရားအရ ဆုပေး/ဒဏ်ပေး စနစ်လုံး၀မရှိစေရေး၊ ပြိုင်ပွဲမကျင်းပဘဲ အချက်အလက်လုပ်ယူပေးပို့ခြင်းမရှိစေရန် ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ သင်တန်းဆရာများဖြစ်သော ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးမွန်နှင့် သုတေသနအရာရှိ ဒေါက်တာကျော်မင်းထွဋ်တို့ကိုလည်း အထူးကျေးဇူးတင်ကြောင်း၊ သုတေသီအဖွဲ့မှလည်း  Proposal အောင်မြင်စွာ တင်သွင်းနိုင်ရေးအတွက် အကောင်းဆုံးဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်၏ အားကစားတိုးတက်မြင့်မားရေး၊ ပြည်သူအများကျန်းမာရေးကို အားကစားဖြင့်မြှင့်တင်ပေးနိုင်ရေးတို့အတွက် သုတေသနတွေ့ရှိချက်များကို ဖော်ထုတ်နိုင်မည်ဟုယုံကြည်ပါကြောင်း၊ အားကစားစီမံကိန်းသုတေသနဌာနခွဲမှ သင်တန်းသားများအနေနှင့် သင်တန်းမှ ရရှိလာသော အတွေ့အကြုံများကိုအရင်းပြုပြီး မိမိတို့ဌာန၏ သုတေသနအဆိုတင်သွင်းခြင်းကိုအကောင်းဆုံးဖြစ်အောင် ပံ့ပိုးဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
 
ဆက်လက်ပြီး သင်တန်းဆရာ/ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ အားကစားအရင်းအမြစ်များ လေ့လာခြင်းဆိုင်ရာ သုတေသနအကြိုသင်တန်း (၁/၂၀၁၉) ကို (၇.၅.၂၀၁၉) ရက်နေ့မှ (၈.၅.၂၀၁၉)ရက်နေ့အထိ (၂)ရက်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BC%E1%80%85%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%9C%E1%80%B1%E1%80%B7%E1%80%9C%E1%80%AC%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%9E%E1%80%AF%E1%80%90%E1%80%B1%E1%80%9E%E1%80%94%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%AF%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95