spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၊ မေလ(၁ဝ) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ ကြက်တောင်အားကစားနည်းကို ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များကို ယနေ့နံနက်(၈:ဝဝ)နာရီအချိန် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဃ)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များဖြစ်သော ဦးမန်းထွန်းကြိုင် ဒေါ်နော်ဆာမူထူးနှင့် ဦးဝှေ့တင်း၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ပိုင်၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီးနောက် ဒုတိယဝန်ကြီးမှ အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မျိုးဆက်သစ်လူငယ် ကြက်တောင်ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်အတွက် အားကိုးအားထား ပြုနိုင်သော ကြက်တောင်အားကစားသမားကောင်းများ ရရှိရေးတို့အတွက်  ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည် မိမိတို့ကိုယ်စားပြုသော တိုင်းဒေသကြီးနှင့်ပြည်နယ်ဂုဏ်ကို မြှင့်တင်ပြီး အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ဆောင်သွားကြစေလိုကြောင်း၊ မိမိတို့၏ တစ်ဦးချင်း အရည်အချင်းများကို အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှ စ၍ မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော လက်ရွေးစင် အားကစားသမားကောင်းများ အထိဖြစ်အောင် ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြားရင်း ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်  ဥက္ကဌ ဦးအောင်ပိုင်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် အမျိုးသမီး အုပ်စုပြိုင်ပွဲများ အဖြစ် အသင်းလိုက်ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကြက်တောင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၄)သင်းနှင့် အမျိုးသမီးအသင်း (၁၂)သင်း၊ အားကစားသမားစုစုပေါင်း (၂၁ဝ)ဦးတို့သည် မေလ(၁ဝ)ရက်နေ့မှ မေလ(၁၃)ရက်နေ့ထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဃ)၌ နေ့စဉ်နံနက်(၉)နာရီအချိန်တွင် အမျိုးသား/အမျိုးသမီး အုပ်စုပြိုင်ပွဲများအဖြစ် အသင်းလိုက်ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ကြက်တောင်အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%80%E1%80%BC%E1%80%80%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95