spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ''စိုး''လျှပ်စစ်ဖောင်ဒေးရှင်းမှဦးစီးကျင်းပသည့် နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်အဖွင့်အမှာစကားပြောကြား

''စိုး''လျှပ်စစ်ဖောင်ဒေးရှင်းမှဦးစီးကျင်းပသည့် နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော် ၊ မေလ(၁ဝ) ရက်။           မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်နှင့် ''စိုး'' လျှပ်စစ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့်  SOE International Open 2019 Organized by Myanmar Chess Federation ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉:၃ဝ)နာရီအချိန်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ သုခစိုးဟိုတယ်၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ် နာယက ဦးကျော်မင်းထွန်း၊ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများ၊ မြန်မာနှင့်အတူ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဆားဗီးယား၊ ဥဇဘက်ကစ္စတန်၊ အိန္ဒိယ၊ ဂျာမနီနိုင်ငံ နိုင်ငံပေါင်း (၉)နိုင်ငံမှ ပြိုင်ပွဲဝင်ကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်နှင့် စိုးလျှပ်စစ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် SOE International Open 2019 နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲကြီးကို မေလ(၁ဝ)ရက်နေ့မှ မေလ(၁၅)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် နိုင်ငံတကာမှ အဆင့်မြင့်စစ်တုရင် ကစားသမား အများစု လာရောက် ယှဉ်ပြိုင်ကြသည့်အတွက် မြန်မာနိုင်ငံမှ စစ်တုရင်ကစားသမားများအတွက် အတွေ့အကြုံကောင်းများ ရရှိမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ စစ်တုရင် လက်ရွေးစင် ကစားသမားများကိုပါ လက်ရည်စမ်းခွင့်ရအောင် ပြိုင်ပွဲကို စီစဉ်ထားသောကြောင့် များစွာအကျိုးရှိသော ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ယခုလို နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲများကို ရန်ကုန်မြို့တွင် (၂ဝ၁၁၊ ၂ဝ၁၄၊ ၂ဝ၁၅)ခုနှစ်များတွင် (၃)ကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ပြိုင်ပွဲဝင်(၉)နိုင်ငံမှ ကစားသမား(၆၆)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဂရင်းမာစတာ(၃)ဦး၊ အင်တာနေရှင်နယ် မာစတာ(၉)ဦး၊ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် မာစတာ (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ယနေ့ကျင်းပသည့် SOE International Open 2019 နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲတွင်လည်း ဂရင်းမာစတာ(၄)ဦး၊ အင်တာနေရှင်နယ် မာစတာ (၇)ဦး၊ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် မာစတာ(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပသည့် ပြိုင်ပွဲထက် ကစားသမားပိုများပြီး ပိုအဆင့်မြင့်သည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅ဝဝဝ)ဆုချသွားမည်ဖြစ်ပြီး ပထမဆုကိုတော့ အမေရိကန် ဒေါ်လာ (၃ဝဝဝ) ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ယခုလိုနိုင်ငံတကာပြိုင်ပွဲများကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသောကြောင့် မြန်မာ့စစ်တုရင် ကစားသမားများအနေဖြင့်လည်း နိုင်ငံတကာ အတွေ့အကြုံများ၊ အခွင့်အလမ်းကောင်းများ ရရှိစေခြင်း၊ စစ်တုရင် ဝါသနာရှင်အပေါင်းလည်း နိုင်ငံတကာစစ်တုရင်ပွဲကို မျက်ဝါးထင်ထင် ကြည့်ရှုအားပေးခွင့်ရရှိခြင်း၊ အားကစားသမား အချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းကောင်းများ ရရှိမှာဖြစ်ကြောင်း၊  SOE International Open 2019 နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲကြီး ကျင်းပနိုင်အောင် စီစဉ် ဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်၊ ဆုကြေးများနှင့်တကွ လိုအပ်သည့်အရာအားလုံးကို အကုန်အကျခံ အထောက်အပံ့ပေးခဲ့သည့် စိုးလျှပ်စစ်ဖောင်ဒေးရှင်း၊ ဝိုင်းဝန်းကူညီပံ့ပိုးပေးသော နေပြည်တော် ကောင်စီနှင့်တကွ ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့သူ/သားများ၊ အားပေးကြည့်ရှုကြမည့် အားကစားပရိသတ် အပေါင်းများ အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်မှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင်  ယခုပြိုင်ပွဲသည် နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ပထမဆုံး ကျင်းပသည့် ပွဲဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှသည် နိုင်ငံတကာ အတွေ့အကြုံကောင်းများ ရရှိအောင် ကြိုးစားသွားကြစေလို ကြောင်းများ ပြောကြားခဲ့ပါသည်။

         

ထို့နောက် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် နာယက ဦးကျော်မင်းထွန်းမှ ဖြည့်စွက်အမှာ စကား ပြောကြားရာတွင် စစ်တုရင်ကစားနည်းသည် တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ လက်ရွေးစင်ကစား သမားများ ထွက်ပေါ်လာပြီး ထိုသို့လက်ရွေးစင် ကစားသမားများ အများအပြားပေါ် ထွက်လာပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း၊ ယခုကျင်းပ သည့်  Chess ပြိုင်ပွဲမှသည် လာမည့် (၃ဝ)ကြိမ်မြောက် ဖိလစ်ပိုင်ဆီးဂိမ်းတွင်  Chess  အားကစားနည်းဖြင့် ရွှေတံဆိပ်များ ရရှိအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး ပထမဆုံးရွှေ့ကွက်ဖြင့် စစ်တုရင်ဖွင့်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ ရရှိမှာဖြစ်ကြောင်း၊  SOE International Open 2019 နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၉)နိုင်ငံမှ ကစားသမားစုစုပေါင်း(၁ဝ၈)ဦးတို့သည် မေလ(၁ဝ)ရက်နေ့မှ မေလ(၁၅)ရက်နေ့ထိ နေပြည်တော် သုခစိုး ဟိုတယ် (Grand Ballroom) ခန်းမတွင် နေ့စဉ် နံနက်(၉:၃ဝ)နာရီအချိန်မှ စတင်ကစားမည် ဖြစ်ပါသဖြင့်  စစ်တုရင် အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%95%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%96%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%92%E1%80%B1%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BE%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8