နေပြည်တော်၊ ဒီဇင်ဘာ(၉)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited, Myanmar C.P. Livestock Co.,Ltd, F&N Co.,Ltd (100 PLUS) နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် ဆုဖလားစက်ဘီးပြိုင်ပွဲကို ယနေ့နံနက် (၆)နာရီအချိန်၌ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပြင်ပပတ်လမ်းတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ အမျိုးသမီး(၁ဝ၄)ကီလိုမီတာအလွတ်တန်းတာဝေးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အားကစားသမား(၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမကျော့ကေခိုင်(မန္တလေးသိပ္ပံ)၊ ဒုတိယ ခင်နှင်းဝေ(မကွေးကလပ်)၊တတိယထက်ထက်လှိုင်(ပဲခူးကလပ်) စတုတ္တနုနုလွင်(မန္တလေးသိပ္ပံ)၊ ပဉ္စမ အေးသန္တာကျော်(မန္တလေးသိပ္ပံ) တို့မှ အနိုင်ရရှိခဲ့ပါသည်။
ဆက်လက်၍ အမျိုးသား(၁၅၄)ကီလိုမီတာ အလွတ်တန်း တာဝေးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အားကစားသမား(၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဦးခင်မောင်ဝင်းမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားအသက်(၄ဝ)နှစ်အထက် တာဝေးပြိုင်ပွဲ၊ အမျိုးသား(၂၅-၄ဝ)နှစ်အောက် တာဝေးပြိုင်ပွဲ၊ အမျိုးသားအသက် (၂၅)နှစ်အောက် တာဝေးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိပါသည်။ အဆိုပါပြိုင်ပွဲများယှဉ်ပြိုင်နေမှုအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနို်င်ငံစက်ဘီးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
အဆိုပါ (၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးပြိုင်ပွဲများကို ဒီဇင်ဘာ(၉)ရက်နေ့ မှ(၁၄)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိစက်ဘီးလေ့ကျင်ရေးကွင်း နှင့် Mount Pleasant တို့တွင်နေ့စဉ် နံနက်(၇းဝဝ)နာရီမှ စတင်ပြီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် စက်ဘီး အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေး နိုင်ပါကြောင်း သိရှိရပါသည်။