spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် (၁/၂ဝ၁၉) ပီတန်းနည်းပြသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် (၁/၂ဝ၁၉) ပီတန်းနည်းပြသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၊ မေလ(၁၃) ရက်။    

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပီတန်းနည်းပြသင်တန်း(၁/၂ဝ၁၉) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁:ဝဝ)နာရီအချိန်တွင် Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ မြန်မာနိုင်ငံပီတန်း အဖွဲ့ချုပ် နာယကဦးသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ပီတန်းအားကစားနည်းပြသင်တန်းကို (၇.၅.၂ဝ၁၉)ရက်နေ့မှ (၁၃.၅.၂ဝ၁၉)ရက်နေ့ထိ (၇)ရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့ နေရပ်သို့ ပြန်ရောက်သည့်အခါ ပီတန်းအားကစားနည်း တိုးတက်ဖွံ့ဖြိုးရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ရရှိရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လက်ရွေးစင် အသင်းကြီး အတွက် အထောက်အကူပြုသော မျိုးဆက်သစ်အားကစားသမားကောင်းများကိုလည်း စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် အထူးလိုအပ်ကြောင်း၊ နည်းစနစ်မှန်မှန်လေ့ကျင့် သင်ကြားပြသပေးရန် လိုအပ်ကြောင်း၊ အခြေခံအချက်များဖြစ်သော (ကစားသမား၊ နည်းပညာ၊ အားကစားပစ္စည်း)များကိုလည်း ဌာနအကြီးအကဲ၏ လမ်းညွှန်မှု၊ အဖွဲ့ချုပ်နှင့် ဆက်သွယ်ဆောင်ရွက်၍ အားကစားပစ္စည်း လိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံသွားရန် လိုအပ်ကြောင်း၊ သင်တန်း အောင်မြင်စွာ သင်ကြားပြီး မိမိအရပ်ဒေသသို့ ရောက်ရှိသည့်အခါ ပြောင်းလဲလာသော နည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာကာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သော နည်းပြကောင်းများ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပီတန်းအားကစားအဖွဲ့ချုပ် နာယကဦးသိန်းဝင်းမှ ဖြည့်စွက်ပြောကြားရာတွင် ပီတန်း အားကစားနည်းကို ၂ဝ၂၄ ခုနှစ်တွင် အိုလံပစ်အားကစားနည်းအဖြစ် တရားဝင် အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အိုလံပစ်အားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ခြေစစ်ပွဲများ၊ လက်ရည်စစ်ပွဲများကို အောင်မြင်မှုရရှိရန်အတွက် ယခုအချိန်မှ စတင်၍ ကြိုးစားပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားပြီး (၁/၂ဝ၁၉)ပီတန်း နည်းပြ သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းနည်းပြ ဆရာများအား ဂါရဝပြု လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် ပီတန်းအဖွဲ့ချုပ် နာယကဦးသိန်းဝင်းနှင့်အတူ သင်တန်းသား/သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7