ရန်ကုန်၊ မေလ(၁၇ )ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်နည်းပြမွမ်းမံသင်တန်း(၁/၂၀၁၉)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့သင်တန်းသည် မြန်မာ့အားကစားလောကအဆင့်အတန်းမြင့်မားလာစေရေးအတွက် အားကစားနည်းပြများကို အရည်အချင်းပိုမိုပြည့်၀တဲ့ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် မြားပစ်အားကစားနည်းစနစ်များကို သိရှိနားလည်ပြီး အရည်အချင်းပိုမိုပြည့်၀သော မြားပစ်နည်းပြဆရာ /ဆရာမများကို မွေးထုတ်ပေးဖို့ရည်ရွယ်ပြီး ဖွင့်လှစ်သည့်သင်တန်းဖြစ်ပါကြောင်းဖြင့် သင်တန်းဖွင့်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ပြောကြားသွားသည်။
သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇေသီဟ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရေကူး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတောက်ထွန်းနှင့် သင်တန်းနည်းပြဆရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် နည်းပြချုပ် Mr.Youn Byung Sun ၊ အဖွဲ့ချုပ်အမှုဆောင်များ၊ သင်တန်းသားနည်းပြများ တက်ရောက်ကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇေသီဟ၊ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်းတို့က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် သင်တန်းပို့ချမည့် အကြောင်းအရာများကို အသီးသီးပြောကြားခဲ့ပြီး သင်တန်းသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ/နည်းစနစ်မှူးများ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် နည်းပြဆရာ /ဆရာမများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား/သူများ စုစုပေါင်းသင်တန်းသား(၂၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းသတင်းရရှိသည်။