ရန်ကုန် မေ ၁၆ ရက်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အာဆီယံနိုင်ငံများမှ အုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင်၊ အားကစားသမားများသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ရောက်ရှိလာသော အာဆီယံနိုင်ငံများတွင် ထိုင်းမှ အုပ်ချုပ်သူ၊ နည်းပြ၊ ဒိုင်၊ အားကစားသမား ၄၄ ဦး၊ ဗီယက်နမ်မှ ၃၁ ဦး၊ လာအိုမှ ရှစ်ဦး၊ မလေးရှားမှ ၁၁ ဦး၊ အင်ဒိုနီးရှားမှ ငါးဦး၊ ဖိလစ်ပိုင်မှ လေးဦး၊ ဘရူနိုင်းမှ လေးဦး၊ ကမ္ဘောဒီးယားမှ နှစ်ဦး၊ စင်ကာပူနိုင်ငံမှ ၁၃ ဦး၊ စုစုပေါင်း ၁၈၂ ဦးတို့ ရောက်ရှိလာရာ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေး ဆပ်ကော်မတီဥက္ကဌ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်ဦးနှင့် ကျန်းမာရေး ပြန်ကြားရေးဆပ်ကော်မတီမှ တာဝန်ရှိသူ များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး ဦးနေလင်းက ''ကမ္ဘာ့အဆင့်ပြိုင်ပွဲနဲ့ အရှေ့တောင်အာရှအဆင့် ကာယဗလ ပြိုင်ပွဲတွေကို ကျွန်တော်တို့နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ အရင်တုန်းကလည်း ကျင်းပခဲ့တယ်။ အခုပြိုင်ပွဲမှာတော့ ထူးခြားမှုအနေနဲ့ အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲအပြင် အမျိုးသား တစ်ဦးချင်းနဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအမျိုးအစားတွေလည်း ပိုများလာပါတယ်''ဟု ပြောသည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၂၂ မျိုးနှင့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ ကာယဗလမောင် တံခွန်စိုက်ဆု (Mr. South East Asia 2019) တို့ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ယခုပြိုင်ပွဲသည် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် ပြိုင်ပွဲများ အနက် ထူးခြားမှုအနေဖြင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲများဖြစ်သော Women’s Model Physique ၊ Women’s Athletic Physique၊ Women’s Fitness Physique ပြိုင်ပွဲများနှင့် အမျိုးသား ကာယကြံ့ခိုင်မှု ပြိုင်ပွဲများဖြစ်သော Men’s Sport Physique ၊ Men’s Athletic Physique ၊ Men’s Fitness Physique ပြိုင်ပွဲများနှင့် အမျိုးသားနှင့် အမျိုးသမီး စုံတွဲယှဉ်ပြိုင်ရသော Mixed Pairs ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (WBPF)၊ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် (ABBF)၊ အရှေ့တောင်အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (SEABPF) တို့က ပြိုင်ပွဲအား ကြီးကြပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ်မှ သိရသည်။
(၁၅)ကြိမ်မြောက် အရှေ့တောင် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ အားကစားသမား အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ရှစ်ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် နှစ်ခုနှင့် ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲ၌ အိမ်ရှင်မြန်မာက အားကစားသမား ၄၆ ဦး ပါဝင်ပြီး ကီလိုတန်း ၂၂ တန်း ဝင်ရောက်ယှဉျပြိုင်ကြမည်ဖြစ်ကာ ဆုတံဆိပ်အများဆုံးရရှိရန် မျှော်မှန်းထားသည်။ အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲကို မေ ၁၈ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ နံနက် ၉ နာရီမှ စတင်ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
MOI Webportal Myanmar မှ ကောက်နှုတ်ဖော်ပြသည်။