ရန်ကုန်၊ မေလ( ၁၈ )ရက်။
၂ဝ၁၉ခုနှစ်၊ နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပမည့် (၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့် လျက်ရှိသော အားကစားအဖွဲ့ချုပ်များ၏ အုပ်ချုပ်မှုနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များအား မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉) နာရီက ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတက်ရောက်ကာ အားကစားအဖွဲ့ချုပ်များ၏ စခန်းသွင်းအင်အားနှင့် ပဏာမရွေးချယ်ထားရှိမှုအခြေအနေ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လျာထားမှု (အမည် - Event ) အခြေအနေ၊ လေ့ကျင့်ရေးသုံး/ပြိုင်ပွဲသုံးအားကစားပစ္စည်းများ လိုအပ်ချက် နှင့်ဖြည့်ဆည်းနေမှုအခြေအနေ၊ နိုင်ငံခြားသားနည်းပြငှားရမ်းမှု၊ အုပ်ချုပ်/နည်းပြ များတာဝန်ပေးအပ်မှုနှင့် နိုင်ငံခြားသားနည်းပြမှ အားကစားသမားတစ်ဦးချင်းစီ၏ သုံးသပ် တွေ့ရှိမှုအခြေအနေနှင့် အဖွဲ့ချုပ်များအနေဖြင့် Joint Training ပူးတွဲလေ့ကျင့်မှု ၊ စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို လေ့ကျင့်ရေး၊ နေထိုင်/စားသောက်ရေးအဆင်ပြေ ဆောင်ရွက်နိုင်မှုနှင့် လိုအပ်ချက်များဖြည့်ဆွက်ဆောင်ရွက်မှုအခြေအနေများကို အသေးစိတ် ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပြောကြားသွားသည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်/လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး မှ ရန်ကုန်မြို့တွင် အားကစားအဖွဲ့ချုပ်များ၏ စခန်းသွင်းလေ့ကျင့်ရေးစခန်းများတွင် လေ့ကျင့်ရေးပိုင်းဆိုင်ရာ၊ နေထိုင်/စားသောက်ရေးဆိုင်ရာတွေ့ရှိချက်များ၊ လိုအပ်ချက်များနှင့် အုပ်ချုပ်မှုပိုင်းအားနည်းမှုများတွေ့ရှိမှု၊ တာဝန်ပေးအပ်ထားသည့် အုပ်ချုပ်သူနှင့် နည်းပြများက အားကစားသမားများနှင့် ကင်းကွာနေမှုအခြေအနေများ၊ စားရိပ်သာများတွင် ကျန်းမာရေးနှင့် ညီညွွတ်မှုမရှိတာကိုလည်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများက အထူးကြပ်ကြပ် မတ်မတ်ဆောင်ရွက်သွားစေလိုကြောင်း၊ စားသောက်စရိတ်နှင့် ထောက်ပံ့ရေးကိစ္စရပ်များကို တိတိကျကျ တင်ပြတောင်းခံစေလိုကြောင်း၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ လိုအပ် မှုအခြေအနေများကို အမြန်ဆုံးတင်ပြတောင်းခံစေလိုပါကြောင်းဖြင့် ညှိနှိုင်းဆွေးနွေးတင်ပြ ပါသည်။
ဆက်လက်ပြီး အကြိမ်(၃ဝ)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှုအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကများ၊ ဒုတိယဥက္ကများ၊ အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးများနှင့် အဖွဲ့ချုပ်တာဝန်ခံများက ပြိုင်ပွဲကြိုတင်ပြင်ဆင် လေ့ကျင့်မှုအခြေအနေ၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်မှုနှင့် အားကစားနည်းအလိုက် အားကစားသမားတစ်ဦးချင်း၏ လိုအပ်ချက်နှင့် လေ့ကျင့်ရေးအတွက် အားကစားပစ္စည်းထောက်ပံ့ပေးနိုင်ဖို့နဲ့ နိုင်ငံခြားသားငှားရမ်းနိုင်ရန်စီစဉ်ထားရှိမှုနှင့် Joint Training ပူးတွဲလေ့ကျင့်နိုင်မှုများကို အဖွဲ့ချုပ် အသီးသီးမှ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွဲ့ချုပ်အသီးသီးမှ တင်ပြချက်များနှင့် လိုအပ်ချက်၊ လေ့ကျင့်ရေးပိုင်းနှင့် နေထိုင်/စားသောက်ရေး၊ နို်င်ငံခြားသားနည်းပြ ငှားရမ်းမှုအခြေအနေများကို ဆွေးနွေးတင်ပြချက်များ၊ ဝန်ကြီးဌာနသို့ ပြန်လည်တင်ပြပြီး အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး ညှိနှိုင်းအစည်းအဝေးအား ရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိသည်။