ရန်ကုန်၊ မေလ( ၂၄ )ရက်။
မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နှစ်(၃၀)ပြည့် အထိမ်းအမှတ် ၂၀၁၉ခုနှစ်၊ဥက္ကဌဖလားနှင့် နွေရာသီသင်တန်းဆင်း တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ပွဲ၀င်း၊ မိုးလုံလေလုံခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ၀န်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်နှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ကိုရီးယားသံရုံးမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများနှင့် ဒိုင်လူကြီးများ၊ ပြိုင်ပွဲ၀င်အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲ၀င်အသင်းများအား တက်ရောက်လာသော ပုဂ္ဂိုလ်များနှင့်အတူ လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလပ်အသင်း(၂၁)သင်း ပြည်နယ်နှင့်တိုင်းမှ ကယားပြည်နယ်အသင်း၊ ဧရာ၀တီတိုင်းအသင်း၊ နေပြည်တော်အသင်း၊ တောင်ငူအသင်း စုစုပေါင်း(၂၅)သင်း ပြိုင်ပွဲ၀င်ကစားသမား(၁၀၀၀)ကျော် ပါ၀င်ရာ သက်တမ်းအလိုက် အတိုက်နှင့်ကကွက်များ မေလ(၂၆)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။