နေပြည်တော် ၊ မေလ(၂၇) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပပြုလုပ်ခဲ့သော “မနက်ဖြန်တိုင်း ကျန်းမာဖျတ်လတ်သော ပြည်သူများဖြစ်စေဖို့ ယနေ့ ကာယပညာမြှင့်တင်ကြပါစို့” နှီးနှောဆွေးနွေးဖလှယ်ပွဲ (Physical Education Today for an Active and Healthy Population Tomorrow Seminar) သို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -
ယနေ့ကျင်းပသည့် နှီးနှောဆွေးနွေးဖလှယ်ပွဲသည် မြန်မာနိုင်ငံပြည်သူများ ပိုမိုကျန်းမာသန်စွမ်းပြီး နိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးအတွက် အလွန်အရေးအကြီးသော နှီးနှောဆွေးနွေး ဖလှယ်ပွဲကြီးဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားမည့် စာတမ်းရှင်များတွင် နိုင်ငံတကာမှ ကာယပညာသင်ကြား လေ့ကျင့်မှု (Physical Education) နှင့်ပတ်သက်သော ကျွမ်းကျင်မှုဆိုင်ရာ ဘွဲ့အသီးသီးရရှိထားပြီး အတွေ့အကြုံလည်း အလွန်များပြားသည့် ပညာရှင်ကြီးများ ပါဝင်သည့်အတွက် ၄င်းတို့ထံမှ ယခု ဆွေးနွေးပွဲတွင်သာမက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက်ပါ အကြံပြုချက်များကို ရယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲအပြီး ထွက်ပေါ်လာမည့် အကြံပြုချက်ရလဒ်များကို အခြေခံ၍ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကာယပညာသင်ကြား လေ့ကျင့်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပီပီပြင်ပြင် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလုပ်ဆောင်ရာတွင်လည်း ကောက်ရိုးမီးကဲ့သို့ ခေတ္တခဏသာမဟုတ်ဘဲ ရေရှည်အောင်မြင်မှု ရရှိစေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲပြီးနောက် ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင်လည်း အခြေခံပညာကျောင်းများတွင် ကာယပညာ သင်ကြားလေ့ကျင့်မှုဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲငယ်များနှင့် လုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူး၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများ မှ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊
ကာယပညာသင်ကြားလေ့ကျင့်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်ထိရောက်မှု ရှိ/မရှိကို စဉ်ဆက်မပြတ်စောင့်ကြည့် အကဲဖြတ်ဆန်းစစ်ခြင်းနှင့် အသုံးချသုတေသနများ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ လက်ရှိ၌ မြန်မာနိုင်ငံတွင် ကာယပညာကို အခြေခံပညာကျောင်းများတွင် သင်ကြားလေ့ကျင့်မှု အခြေအနေများ၊ ကာယပညာ နည်းပြဆရာ/ဆရာမများ ကျောင်းများတွင် မည်မျှရှိသည်၊ မွမ်းမံသင်တန်း တက်ရောက်ပြီးသူ မည်မျှရှိသည် စသည့်အခြေအနေများကို အမြန်ဆုံး ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉.၅) သန်းခန့်ရှိသော ကျောင်းသား/သူများ ကိုယ်လက်လှုပ်ရှား အားကစားကို စိတ်ပါဝင်စားစွာဖြင့် ဆောင်ရွက်ခြင်းအားဖြင့် ကိုယ်ခန္ဓာ ပိုမိုကျန်းမာသန်စွမ်းခြင်း၊ အားကစား စိတ်ဓာတ်ကောင်းများနှင့် အသင်းအဖွဲ့လိုက် စုပေါင်းဆောင်ရွက်တတ်သော စိတ်ဓာတ်ကောင်းများ ပိုင်ဆိုင်နိုင်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အမျိုးသမီးများတွင် ဖြစ်ပွားတတ်သည့် အရိုးပွရောဂါစသည့် ရောဂါများကို ကာကွယ်နိုင်ခြင်း အစရှိသည့်များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်ရုံသာမက မျိုးဆက်သစ် အားကစားသမားများလည်း ပေါ်ထွက်လာနိုင်ကာ အားကစားတွင် အောင်မြင်မှုများလည်း ယခုထက်ပိုမို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုပြုလုပ်ခြင်းဖြင့် လူငယ်လူရွယ်များအကြားဆေးလိပ်၊ အရက်၊ ကွမ်းယာနှင့် မူးယစ်ဆေးသုံးစွဲခြင်းများလည်း လျော့နည်းကင်းဝေးစေနိုင်မည် ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းသည် စတင်လုပ်ဆောင်ချိန်တွင်သာ ခက်ခဲသော်လည်း ပုံမှန်ပြုလုပ်ခြင်းဖြင့် နေ့စဉ်ပြုလုပ်သော အလေ့အကျင့်ကောင်းများ ဖြစ်သွားစေပြီး ကာယပညာသင်ကြား လေ့ကျင့်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် လိုအပ်မည့် အားကစားအထောက်အကူပြု ပစ္စည်းများကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အားကစား အထောက်အကူပြုပစ္စည်းများကို ပြည်သူများအနေဖြင့် စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အဆိုပါပစ္စည်းများ တင်သွင်းရာတွင် အခွန်လျော့ပေါ့ပေးခြင်းနှင့် အခွန်ကင်းလွတ်ခွင့်တို့ ရရှိစေရေး စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ မိဘ/ဆရာအသင်းများ အနေဖြင့် ကျောင်းများတွင် ကာယပညာ ပိုမိုလေ့ကျင့်ဆောင်ရွက်နိုင်ရေး ပါဝင်သူများအားလုံးမှ မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထားဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ကာယပညာသင်ကြားလေ့ကျင့်မှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် အကောင်းဆုံး စာသင်ကျောင်းများအား ဂုဏ်ပြုဆုများ ရွေးချယ်ပေးအပ်သင့်ပါကြောင်း၊ မကြာမီ ပညာရေးဝန်ကြိီးဌာနနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများနှင့် ကျောင်းသား အားကစားပွဲတော် ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ကာယပညာသင်ကြား လေ့ကျင့်မှုများကိုလည်း ကျောင်းသင်ရိုး ညွှန်းတမ်းများတွင် စတင်ထည့်သွင်း ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့သား/သမီးများအား စာပေတစ်ခုထဲကို အားပေးခြင်းထက် ကိုယ်ကာယ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုး ထက်မြက်မှုအတွက်ပါ အထူးအကျိုးရှိ စေမည့် ကိုယ်လက်လှုပ်ရှား အားကစားကို အားပေးကြစေလိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲကို တက်ရောက်လာသူအားလုံးမှလည်း ဆန်းသစ်သော အတွေးအမြင်၊ အကြံဉာဏ် ကောင်းများဖြင့် ပူးပေါင်းပါဝင် ဆွေးနွေးပေးကြစေလိုကြောင်း၊ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့်လည်း သံဓိဌာန်ချမှတ်ကာ ယနေ့မှစ၍ နေ့စဉ် မိနစ်(၂ဝ)မှ (၃ဝ)အထိ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -
ယနေ့ ဆွေးနွေးပွဲသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကာယပညာ သင်ကြားလေ့ကျင့်နိုင်ရေးအတွက် ယခင်မှအတွေ့အကြုံများကို ပြန်လည်ရယူနိုင်ရန်နှင့် အောင်မြင်ရေးကို ဘယ်လို ပြန်လည်လုပ်မည် ဆိုသည်တို့အား အတွေ့အကြုံများကို အခြေခံ၍ ပြန်လည်သုံးသပ် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ယခင်က ကာယပညာသင်ကြားလေ့ကျင့်မှုသည် ဆရာ/ဆရာမများအား လေ့ကျင့်ပေးထားမှုနှင့် သင်ရိုးညွှန်းတမ်းစာအုပ်တို့ အားနည်းချက် ရှိခဲ့သဖြင့် လက်တွေ့အကောင်အထည်ဖော်ပေးရန် ခက်ခဲခဲ့ပါကြောင်း၊ ယခုအခါ ကာယပညာသင်ကြားလေ့ကျင့်မှုနှင့် ပတ်သက်၍ ကျောင်းဖတ်စာအုပ်များ၊ ဆရာလမ်းညွှန် စာအုပ်ဖြင့် သင်တန်းပေးပြီး ဆောင်ရွက်နေပြီးGrade (1, 2, 3) နှင့် Grade (6) တို့အတွက် သင်ရိုးညွှန်းတမ်းရေးဆွဲပြီးGrade (4, 7 နှင့်10) တို့ အတွက်လည်း သင်ရိုးညွှန်းတမ်းများ ရေးဆွဲ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ကာယပညာ သင်ကြားလေ့ကျင့်မှု လုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ အားလုံးအတူတစ်ကွ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက နှီးနှောဖလှယ်ပွဲ ဖြစ်ပေါ်လာပုံအား အကျဉ်းချုံးရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် နှီးနှောဆွေးနွေးဖလှယ်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ပေးသော Plan Internationalမှ တာဝန်ရှိသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ ဆွေးနွေးပွဲ နံနက်ပိုင်းကို စတင်ကျင်းပရာ သဘာပတိအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ တာဝန်ယူပြီး စာတမ်းရှင်များဖြစ်ကြသော ဆရာကြီးဦးအုန်းခင်(ပညာရေး)မှ အခြေခံပညာကျောင်းများတွင် ကာယပညာဖြစ်ပေါ်တိုးတက်လာပုံအဆင့်ဆင့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးရဲမြင့်(ပညာရေး)မှ မြန်မာနိုင်ငံ ကာယပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးမဲအောင် (ပညာရေး)မှ အခြေခံပညာကျောင်းများတွင် ကာယပညာသင်ကြားမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီး ဦးလှထွန်း(ပညာရေး)မှ တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပမှု ပြန်လည်ဦးမော့လာစေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆက်လက်၍ နေ့လယ်ပိုင်းအဖြစ် ဆွေးနွေးပွဲကို စတင်ကျင်းပရာ သဘာပတိအဖြစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းမှ တာဝန်ယူပြီး စာတမ်းရှင်များဖြစ်ကြသော ဒုတိယအမြဲတမ်းအတွင်းဝန်(အားကစား) ဦးမြသန်းထိုက်မှ အာဆီယံနိုင်ငံများ၏ အခြေခံပညာနှင့် တက္ကသိုလ် အားကစားပြိုင်ပွဲများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (အား/ကာဦးစီးဌာန) ဦးဝင်းထက်မွန်မှ Physical Education in Sport for All ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာရေး) ဒေါက်တာတင်မောင်ဝင်းမှ P.E and Behavior Management ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူမှုရေးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း နှင့် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆွေးနွေးပြောကြားမည့် စာတမ်းရှင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်/မြို့နယ် အသီးသီးမှ အားကစားမှူးများနှင့် ပညာရေးဝန်ကြီးဌာနမှ ကာယဆရာ/ဆရာမများ ကာယပညာသင်ကြားလေ့ကျင့်မှု (Physical Education) သင်တန်း အပတ်စဉ်(၂ဝ) သင်တန်းတက်ရောက်နေသော သင်တန်းသား/သူများ တက်ရောက်ကြပါသည်။