ရန်ကုန်၊ ဇွန်လ ၃ ရက်။
ဇွန်လ ၇ ရက်မှစတင်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မက္ကာအို၌ ကျင်းပမည့် မက္ကာအိုအပြည်ပြည်ဆိုင်ရာ နဂါးလှေဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးရိုးရာလှေလှော်အဖွဲ့အား တွေ့ဆုံအားပေးစကား ပြောကြားခြင်းအခမ်းအနားကို ဇွန် ၃ ရက် နံနက် ၁၁ နာရီက ကျိုက္ကဆံကွင်းရှိ မှန်ဆောင်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမႉးချုပ် ဦးမျိုးလှိုင်ကိုယ်စား ဒုတိယညွှန်ကြားရေးမႉးချုပ် ဦးကျော်ဦး တက်ရောက်၍ အားပေးစကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အတွင်းရေးမႉး ဦသက်လွင်၊ ရန်ကုန်အားကာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမႉး ဦးအောင်မိုး ၊ ရိုးရာလှေလှော်အသင်းနည်းချုပ် ဦးဝင်းဖေနှင့် နည်းပြများ၊ ကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ "အခုမက္ကာအိုသွားမယ့် ဒီအသင်းကို မျိုးဆက်ဟောင်းနဲ့မျိုးဆက်သစ် တစ်ဝက်စီစုစည်းပြီး အချိန်ယူ ပြင်ဆင်ထားပါတယ်။ ဒါကြောင့် ရွှေ၊ငွေ၊ကြေးဆုတံဆိပ်တွေကနေ မလွတ်နိုင်ဘူးလို့ ယုံကြည်ထားပါတယ်။ စိုးရိမ်စိတ်မများဘဲ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး ယှဉ်ပြိုင်ကြပါ။ နောက်ပြီးတော့ အုပ်ချုပ်သူ၊ နည်းပြတွေရဲ့စကားကိုလည်း နားထောင်ကြပါ၊ အောင်ပွဲနဲ့ ပြန်လာမှာကို စောင့်ကြိုနေပါမယ်"ဟု ဦးသောင်းထိုက်မင်းက ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်အား ပြိုင်ပွဲဝင် ကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က အားပေးစကား ပြောကြားခဲ့သည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက "လာမယ့် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်ရမယ်လို့ ဝန်ကြီးဌာနက မျှော်လင့်ထားတဲ့ အားကစားနည်း ၁၆ နည်း ရှိပါတယ်။ အဲဒီအထဲမှာ လှေလှော်အားကစားနည်းက ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါကြောင့် ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အခုသွားမယ့် မက္ကာအိုပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ကြပါ။ အားကစားသမားတွေဆိုတာ နိုင်ငံရဲ့ သံတမန်တစ်မျိုးဖြစ်တယ်ဆိုတာလည်း မမေ့ကြပါနဲ့။ ဒါ့ကြောင့် အုပ်ချုပ်သူ နည်းပြတွေရဲ့ စကားကို နားထောင်ပြီး စည်းကမ်းရှိရှိနဲ့ အစွမ်းကုန် ကြိုးစားပေးခဲ့ကြပါ"စသည်ဖြင့် အကျယ်တဝင့် အားပေးအမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် အတွင်းရေးမႉး ဦးသက်လွင်နှင့် နည်းပြချုပ် ဦးဝင်းဖေတို့က မက္ကာအိုပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်ထားသည်များကို ရှင်းလင်းတင်ပြကြသည်။ ရန်ကုန်အားကာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဦးစိုးအောင်က မိမိတို့ ပြင်ဆင်လေ့ကျင့်ထားသည့်အတိုင်း ယုံကြည်မှုအပြည့်ဖြင့် ယှဉ်ပြိုင်ကြရန် မှာကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။