spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ စတင်ကျင်းပ

၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ စတင်ကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာ(၁၃)ရက်။
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သော လူငယ်၊လူရွယ်များဖြစ် ပေါ်လာစေရေး၊ မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို ယနေ့ခေတ် လူငယ်များ ပိုမိုစိတ်ဝင်စားလာမှုရရှိစေရေးနှင့် မျိုးဆက်သစ်အားကစားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံမြန်မာ့သိုင်းအဖွဲ့ချုပ် ဥက္ကဌဦးရဲမြင့် နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင် အသင်း အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် ကိုယ်ခံပညာမြန်မာ့သိုင်းအားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာ အားကစားပြိုင်ပွဲ များတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော လက်ရွေးစင်အားကစားသမား ကောင်းများပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်အနေဖြင့် မြန်မာ့သိုင်းအားကစားနည်းအပါအဝင် ဗိုဗီနမ်နှင့်ပန်ကြပ်ဆီလတ် အားကစား နည်းများကို ထည့်သွင်းယှဉ်ပြိုင်ကစားခဲ့သည့်အတွက် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များစွာရရှိခဲ့သော အားကစားနည်းဖြစ်ကြောင်း၊ အားကစားသမား များအနေဖြင့် မိမိတို့၏အစွမ်းအစ အရည်အသွေး များကို အခြားနိုင်ငံများ၏ ကိုယ်ခံပညာရပ်များ ရောနှောမှုမရှိစေရေး အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြပြီး နိုင်ငံံဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားကောင်း များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာ သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲတွင် ကြီးကြပ်ဆောင်ရွက်ကြ မည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် သွားကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများမှ နိုင်ငံတကာအားကစား ပြိုင်ပွဲများအထိ မြန်မာ့သိုင်း အားကစား တိုးတက်မြင့်မားလာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြပါဟု တိုက်တွန်းမှာကြားကာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သိုင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
 
 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် ဗန်တိုအတိုက်အမျိုးသား(၄၅-၄၉)ကီလိုပြိုင်ပွဲနှင့် ဓါးသိုင်းအတိုက်အမျိုးသား(၄ဝ-၄၅)ကီလိုပြိုင်ပွဲတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သိုင်းပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ အမျိုးသာ(၁၃)သင်း၊ အမျိုးသမီး(၁ဝ)သင်း အားကစားသမား စုစုပေါင်း (၁၈၃)ဦးတို့သည် ဒီဇင်ဘာ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌နေ့စဉ် နံနက်(၉းဝဝ)နာရီအချိန်တွင် စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95