နေပြည်တော် ၊ ဇွန်လ(၇) ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော သေနတ်ပစ်နည်းပြ/ အုပ်ချုပ်မှုသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့နံနက်(၉း၀၀)နာရီ အချိန်တွင်Multipurpose Hall၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်မိုး၀င်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယ၀န်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသေနတ်ပစ် အားကစားအဖွဲ့ချုပ်အနေဖြင့် မြန်မာ့သေနတ်ပစ် အားကစားဖွံ့ဖြိုး တိုးတက်မြင့်မားလာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာရေး၊ အားကစားနှင့်ပတ်သက်၍ စည်းကမ်းတကျရှိရေး၊ နည်းစနစ်ပိုင်း၊ အုပ်ချုပ်မှုပိုင်းတို့အား မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ သိရှိစေရန်အတွက် ယခု သေနတ်ပစ်နည်းပြ/အုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၉)ကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သေနတ်ပစ်အားကစားနည်းသည် အခြားအားကစားနည်းများနှင့် မတူပဲ အဆောက်အအုံပိုင်း၊ လက်နက် ခဲယမ်းပိုင်း၊ အထောက်အကူပိုင်းနှင့် နည်းစနစ်/နည်းပြပိုင်းတွင် ကုန်ကျစရိတ်များပြီး တားမြစ်ချက် အများဆုံး အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ အကြောင်းရင်းမှာ လူကို အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်များဖြင့် ပြိုင်ပွဲပြုလုပ်ထားပြီး သေနတ်ပစ်နည်းစနစ်များနှင့် ပတ်သက်၍ ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲနေသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတကာသေနတ်ပစ်အဖွဲ့ချုပ်များ၏ နည်းစနစ်များကိုInternet မှတစ်ဆင့် လေ့လာကြစေလိုကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှ ပို့ချလိုက်သည့် သင်ခန်းစာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အထူးကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း၊ မျိုးဆက်သစ် အားကစားသမားမျာ မွေးထုတ်ရာတွင်လည်း မိမိတို့ မိသားစုသွေးရင်းသားရင်းသဖွယ် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိတတ်ကျွမ်းသော နည်းစနစ်၊ နည်းပညာပိုင်းတွေ သာမက နေ့စဉ်တိုးတက် ပြောင်းလဲနေသော နည်းစနစ် တွေကို အမှီလိုက်ကာ မိမိတို့ တတ်ကျွမ်းထားသော အုပ်ချုပ်မှု နည်းပညာများဖြင့် စံနမူနာထား၍ မိမိတို့ အားကစားသမားများကို သင်ကြားအုပ်ချုပ်ပြီး သေနတ်ပစ် အားကစားနည်းဖြင့် နိုင်ငံတော်အတွက် အောင်မြင်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်စေ လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယ၀န်ကြီးမှ သင်တန်းသား/သူများကိုယ်စား သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ခဲ့ပြီး ဒုတိယ၀န်ကြီးနှင့် တာ၀န်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများသည် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ သေနတ်ပစ်အားကစားနည်းပြ/အုပ်ချုပ်သူသင်တန်း (၁/၂၀၁၉)တွင် သင်တန်းသား(၃၁)ဦး၊ သင်တန်းသူ(၁၅)ဦး စုစုပေါင်း (၄၆)ဦးတို့ တက်ရောက်သင်ကြားပြီး (၃.၆.၂၀၁၉)ရက်နေ့မှ (၇.၆.၂၀၁၉) ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။