ရန်ကုန် ၊ ဇွန်လ(၇) ရက်။
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်လူထု စုပေါင်း လမ်းလျှောက်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအေ၀းခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊သက်ဆိုင်ရာ၀န်ကြီးဌာနများမှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့သည် နှစ်စဉ် ဇွန်လ(၂၃)ရက်နေ့ဖြစ်ကြောင်း၊ ၁၈၉၄ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်အဆိုပါ ဇွန်လ(၂၃)ရက် ရောက်တိုင်း အိုလံပစ်အဖွဲ့၀င် အသီးသီးတွင် အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အားကစား လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း၊ အိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်း လမ်းလျှောက်ပွဲများကို (၂၃.၆.၂၀၁၉) ရက်(တနင်္ဂနွေနေ့) နံနက်(၆)နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံ အနောက်မြင်းပြိုင်ကွင်းရှိ ဂိတ်အမှတ်(၉)မှ လက်ယာရစ်ပတ်၍ ဂိတ်အမှတ်(၁)သို့ ပြန်လည် ၀င်ရောက်ကာ စုပေါင်းလမ်းလျှောက်ပြီး Physical Fitness Dance လေ့ကျင့်ခန်းများကို ပြုလုပ်မည်ဖြစ်ကြောင်း၊ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သက်ဆိုင်ရာ အဖွဲ့ချုပ်များနှင့်ဆက်သွယ်၍ ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများမှ တာ၀န်ရှိသူပုဂ္ဂိုလ်များနှင့် ဌာနဆိုင်ရာ တာ၀န်ရှိ ပုဂ္ဂိုလ်များက လူထုစုပေါင်း လမ်းလျှောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ အခန်းကဏ္ဍအလိုက် လုပ်ဆောင်ရမည်ကို ဆွေးနွေးတင်ပြကြပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ အိုလံပစ်နေ့ အထိမ်းအမှတ်ပြိုင်ပွဲ ကျင်းပပြုလုပ်မည့် အခြေအနေနှင့် လူထုစုပေါင်း လမ်းလျှောက်ပြိုင်ပွဲတွင် ပူးပေါင်းဆင်နွှဲရေး ကိစ္စရပ်များကို တင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။