ရန်ကုန်၊ ဇွန်လ( ၇ )ရက်။
၂၀၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဖူဆယ်ဆပ်ကော်မတီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ၊နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၂)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းနှင့် တာ၀န်ရှိသူများ၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ခရိုင်နှင့်မြို့နယ်များမှ အားကစားအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားဖူဆယ်ဗိုလ်လုပြိုင်ပွဲကျင်းပရာ အနောက်ပိုင်းခရိုင်ဖူဆယ် ဘောလုံးအသင်းက မြောက်ပိုင်းခရိုင် ဖူဆယ်ဘောလုံးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရ (အရှေ့ပိုင်းခရိုင်) ဖူဆယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲ၌ (မြောက်ပိုင်းခရိုင်) ဖူဆယ်အသင်းတို့အားလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ၌ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ်(၁၀) (အနောက်ပိုင်းခရိုင်)အသင်းမှ နော်ဂေးနေဆေးနှင့် အမျိုးသားပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားဆုရ (အနောက်ပိုင်းခရိုင်)အသင်းမှ ကျောနံပါတ်(၈)ရဲရင့်အောင်တို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ၊ အကောင်းဆုံးဆုများကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် လှိုင်မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်၀င်းနှင့် တာ၀န်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းမှ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော (အနောက်ပိုင်းခရိုင်)ဖူဆယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲ၌ ပထမဆုရရှိသော (အနောက်ပိုင်းခရိုင်) ဖူဆယ်ဘောလုံးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် ပထမတံခွန်စိုက်ဒိုင်းဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။