ရန်ကုန်၊ ဇွန်လ( ၇)ရက်။
၂၀၁၉ခုနှစ်၊ ဒုတိယအကြိမ် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ကရာတေးပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်၀င်း၊ (မိုးလုံ/လေလုံ) အားကစားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော် တက်ရောက်ကာ ယနေ့ပြိုင်ပွဲဟာဆိုရင် ဒုတိယအကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲ၀င်အသင်းနှင့် အားကစားသမား အများဆုံး ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်တာကြောင့် အဖွဲ့ချုပ်အနေနဲ့ အားရကျေနပ်ပါကြောင်း၊ ဒီပြိုင်ပွဲဟာ လက်ရွေးစင်ကရာတေး အားကစားသမားများကို အထောက်အကူပြုတဲ့ မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများကို ရှာဖွေဖော်ထုတ်တဲ့ ပြိုင်ပွဲလည်းဖြစ်ပါကြောင်း၊ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတစ်၀ှမ်းမှာ ကရာတေးအားကစား ပြန့်ပွားရေးအတွက် လုပ်ဆောင်တာဟာ မျိုးဆက်သစ်ရှာဖွေရေးက အဓိကကျပါတယ်။ ဒီပြိုင်ပွဲမှာဆိုရင် မျိုးဆက်သစ်လူငယ် အားကစားသမားအများဆုံး ၀င်ပြိုင်တာဖြစ်တာကြောင့် အဖွဲ့ချုပ်အနေဖြင့်ကျေနပ်မိပါတယ်ဟု ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။
အစီအစဉ်အရ ပြိုင်ပွဲ၀င်အသင်းများ ကွင်းအတွင်းနေရာယူထားပြီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော်မှ ပြိုင်ပွဲအဖွင့်အမှာစကားပြောကြားပြီးနောက် အားကစားအသင်းများက အားကစားသစ္စာအဓိဌါန်(၄)ချက်ရွတ်ဆိုကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ၀င်းဇော်၊ ဒုတိယဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ပြိုင်ပွဲ၀င်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌမှ အခြေခံပညာအထက်တန်းကျောင်း(၃)နှင့်(၄)ကျောင်းတို့အား အလှူငွေများ လှူဒါန်းခဲ့သည်။
ယခုပြိုင်ပွဲသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊တောင်ကြီး၊ မန္တလေး၊ လွိုင်ကော်)အသင်းများ၊ ၀န်ကြီးဌာနအသင်းများ၊ တပ်မတော်နှင့်ပြည်ထဲရေးအသင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများ၊ ကလပ်အသင်းများ၊ စုစုပေါင်းအသင်းပေါင်း(၃၄)သင်းမှ အားကစားသမားပေါင်း (၅၁၄)ဦးတို့က အမျိုးသား/အမျိုးသမီး တစ်ဦးချင်းနှင့်အသင်းလိုက် အလွတ်တန် းခတနှင့်ကုမိတဲ့ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး Junion တန်း၊ သက်ငယ်တန်းနှင့် (U-14, U-12,U-10)မှ တစ်ဦးချင်းနှင့် အသင်းလိုက် ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။