ရန်ကုန်၊ ဇွန်လ( ၁၀ )ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံပွဲအခမ််းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရုံးဟောင်း အစည်းအေ၀းခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် အရာထမ်း/အမှုထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်/မြို့နယ် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယ၀န်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရဲ့ အမျိုးသားအားကစားဥပဒေကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်နေပြီး ရေးဆွဲအတည်ပြုပြီးပါက အင်္ဂလိပ်လို ဘာသာပြန်၍ လွှတ်တော်အား တင်ပြသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များ၊ ခရိုင်/မြို့နယ် အားကစားမှူးများအနေဖြင့် မိမိနှင့်အတူ လက်တွဲလုပ်ကိုင်သည့် ၀န်ထမ်းများ၊ စွမ်းဆောင်ရည် တိုးတက်ရေးကို လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာအဆင့်အထိ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ထွက်ပေါ်လာရေးတို့ကို ရေတိုရေရှည် စီမံချက်များ၊ (၂)နှစ်ရေးဆွဲ၍ ဖြည့်ဆည်းဆောင်ရွက်ရန် လုပ်ငန်းအရပ်ရပ်ကို အသေးစိတ်ဖော်ပြပြီး (၃)လအတွင်း တင်ပြရန်လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီး တာ၀န်ခံ ညွှန်ကြားရေးမှူးအနေဖြင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြရန် လိုအပ်ပါကြောင်း၊ တာ၀န်ခံများအနေနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းအခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးတွင် တာ၀န်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြပြီး တတ်နိုင်သမျှ ဖြေရှင်းစေလိုပါကြောင်း၊ အားကစားအောင်မြင်တိုးတက်ရန်အတွက် ကြိုးစား ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဖြစ်ပေါ်နေသော အားကစား ကွင်း/ရုံဆိုင်ရာပြဿနာများ ၊ ငွေကြေးဘဏ္ဍာရေးဆိုင်ရာ ပြဿနာများ၊ အခြားတိုင်စာများကို ဖြေရှင်းနေရသည်နှင့် အားကစားလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာနေရပါကြောင်း၊ နေပြည်တော်တွင် အောက်ခြေ၀န်ထမ်း မိသားစုများအား ကူညီသော ဣစ္ဆာသယ အသင်းအဖွဲ့ ဖွဲ့စည်းထားပါသဖြင့် မူလတန်း၊ အလယ်တန်း၊အထက်တန်းအထိ မိမိတို့ အသုံးပြုပြီးသော ပိုလျှံနေသောစာရေးကိရိယာများ၊ အ၀တ်အထည်၊လွယ်အိတ်များအား လှူဒါန်းနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်/မြို့နယ် အရာထမ်းများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် အရာထမ်းများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။