နေပြည်တော်၊ ဒီဇင်ဘာ(၁၅)ရက်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အသက် (၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဒီဇင်ဘာလ (၁၁)ရက်နေ့ ညနေ (၃)နာရီတွင် ကန့်ဘလူခရိုင်ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ñွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြပါသည်။
ပြိုင်ပွဲကို ညနေ (၃)နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲတက်ရောက်ကြသော မုံရွာခရိုင်ဘောလုံးအသင်းနှင့် ခန္တီးခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ခန္တီးခရိုင်ဘောလုံး အသင်းမှ (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားပါသည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ တစ်ဦးချင်း အကောင်းဆုံး အားကစားသမားဆုများအား ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်းကောင်း၊ ဒုတိယဆုရရှိသော မုံရွာခရိုင် ဘောလုံးအသင်း တစ်ဦးချင်းဆုတံဆိပ်များအား ကန့်ဘလူခရိုင်အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ ပထမ ဆုရ ခန္တီးခရိုင်ဘောလုံးအသင်းအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသော်မှလည်းကောင်း၊ ပထမတံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှလည်းကောင်း အသီးသီးဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။