နေပြည်တော် ၊ ဇွန်လ(၁၇) ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် (၉းဝဝ) နာရီအချိန်မှ စတင်ပြီး ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် စတင်ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစားပွဲ တင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဦးကျော်ကျော်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေးကာဆုများချီးမြှင့်ပါသည်။
နောက်ဆုံးဗိုလ်လုပွဲအဖြစ် အမျိုးသားအသင်းလိုက်ပြိုင်ပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်း ဒေသကြီးအသင်းအား (၃)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိသွားပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာပြုလုပ်ရာ အမျိုးသား(၁)ချင်းပြိုင်ပွဲ၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိကြသူများအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ အမျိုးသား+အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ဇင်မင်းဟိန်း+ နန်းဆက်ဝါ (ရန်ကုန်)၊ ဒုတိယ ဟောင်းလွှမ်း+အိအိထွေး(မန္တလေး)၊ ပူးတွဲ တတိယဆုရရှိသော ဘုန်းမြတ်မင်း +ကြိုင်ကြိုင်သင်း(မန္တလေး)နှင့် ကျော်ဝဏ္ဏစိုး+စန္ဒာအောင်(မွန်)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊
ဆက်လက်၍ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ပူးတွဲ တတိယဆုရရှိသော ကချင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း မှလည်းကောင်း၊
ဆက်လက်၍ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ပူးတွဲ တတိယဆုရရှိသော မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ လည်းကောင်း၊
အကောင်းဆုံးအားကစားသမားဆုရရှိသော ကျော်ဆန်း(ကချင်ပြည်နယ်)နှင့် စန္ဒာအောင် (မွန် ပြည်နယ်) တို့အား မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်မှလည်းကောင်း၊
ရွှေ(၁)၊ ငွေ(၂)၊ ကြေး(၂)ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော မန္တလေးတိုင်းဒေသကြီး အသင်း နှင့် ရွှေ(၁)၊ ငွေ(၂)၊ ကြေး(၁)အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းတို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။