spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အိုလံပစ်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ

အိုလံပစ်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ

 
၁၈ ဇွန်
 
အိုလံပစ်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီး အစိမ်းရောင်အသင်းနှင့် အဝါရောင်အသင်းတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
 
ယင်းပြိုင်ပွဲတွင် အစိမ်းရောင်အသင်းက ခြောက်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်သင်းစလုံးတွင် အမာခံကစားသမားများနှင့် အရန်ကစားသမားများကို တွဲဖက်အသုံးပြုခဲ့ပြီး အစိမ်းရောင်အသင်းကို ဝင်းသိဂီထွန်း၊ ခင်မိုးဝေ၊ ခင်မာလာထွန်းတို့က ဦးဆောင်ကာ အဝါရောင်အသင်းကို ဝေဝေအောင်၊ ရီရီဦး၊ မေသူကျော်တို့က ဦးဆောင်ကစားခဲ့သည်။
 
ခြေစွမ်းအရ ကွာခြားမှုမရှိသော်လည်း အစိမ်းရောင်အသင်းက အခွင့်အရေးများ အသုံးချနိုင်ခဲ့သောကြောင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
 
အစိမ်းရောင်အသင်းသည် ပထမပိုင်းတွင် လေးဂိုးပြတ်အနိုင်ရနေပြီး ဒုတိယပိုင်းတွင် နှစ်ဂိုးစီ အပြန်အလှန်သွင်းယူခဲ့သည်။ အစိမ်းရောင်အသင်းအတွက် ဂိုးများကို ဝင်းသိဂီထွန်းနှင့် ဂျူလိုင်ကျော်တို့က နှစ်ဂိုးစီ၊ လဲ့လဲ့လှိုင်နှင့် ခင်မိုးဝေတို့က တစ်ဂိုးစီသွင်းယူပြီး အဝါရောင်အသင်းအတွက် ဂိုးများကို နုနုနှင့် ရီရီဦးတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။
 
မြန်မာအမျိုးသမီးအသင်းသည် သြဂုတ်တွင် ကျင်းပမည့် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေခြင်း ဖြစ်သည်။
 
ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ အနိုင်ရခဲ့သည့် အစိမ်းရောင်အသင်းအား ကျပ်နှစ်သိန်း၊ အဝါရောင် အသင်းအား ကျပ်တစ်သိန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် နည်းစနစ် အကြံပေး ဦးအေးမောင်ကြီးတို့က ပေးအပ်ချီးမြင့်ခဲ့သည်။
 
သတင်း-ညီမြတ်သော်တာ  ဓာတ်ပုံ-စိုးညွန့်

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95