နေပြည်တော်၊ ဇွန်(၁၉)ရက်။
ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းအား နိုင်ငံတကာအဆင့်မီအားကစားကွင်းအဖြစ် အဆင့်မြင့်ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ(၄)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစီအစဉ်အရ အောင်ဆန်းအားကစားပြိုင်ကွင်းအား နိုင်ငံတကာအဆင့်မီအားကစားကွင်းအဖြစ် အဆင့်မြင့်တည်ဆောက်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ရှင်းလင်းတင်ပြရာ လက်ရှိမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ငှားရမ်းသုံးစွဲနေသော ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ(၁၄)ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးကြပြီး အောင်ဆန်းအားကစားကွင်းအား မူဝါဒသစ်ချမှတ်၍ ဥပဒေသစ်တစ်ရပ်ရေးဆွဲပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ချုပ်ဆိုထားသော စာချုပ်အားရပ်စဲကာ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရှေ့နေ့ချုပ်ရုံးတို့အား အဆင့်ဆင့်တင်ပြ၍ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊
အောင်ဆန်းကွင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ ငှားရမ်းရပ်ဆဲခြင်းစာချုပ်အား ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၏ သဘောထားမှတ်ချက်ရယူပြီး (၃၀.၃.၂၀၁၈)ရက်နေ့တွင် ငှားရမ်းရပ်စဲခြင်း စာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ (၁.၁၀.၂၀၁၈)ရက်နေ့ တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနထံ အကူအညီတောင်းခံ၍ အောင်ဆန်းအားကစားပြိုင်ကွင်း ပွဲကြည့်စင်နှင့် အဆောက်အဦများ ကြံ့ခိုင်မှု အခြေအနေများ စစ်ဆေးပေးပါရန် ညှိနှိုင်းမေတ္တာရပ်ခံ၍ (၉.၁၁.၂၀၁၈)ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့နှင့် အဆောက်အဦသုတေသန၊ ခန့်မှန်းပုံထုတ်သုတေသနဌာနတို့ အောင်ဆန်းကွင်းအားသွားရောက်စစ်ဆေးရာ (၇၀%)ပျက်ဆီး၍ အန္တရာယ်ရှိသော အဆောက်အဉီဖြစ်ပါကြောင်း၊ အမြန်ဆုံးပြန်လည်ပြုပြင်သင့်ပါကြောင်း၊ သို့ဖြစ်၍ (၆.၁၂.၂၀၁၈)ရက်နေ့ ပြည်ထောင်စုဝန်ကြီးမှ အောင်ဆန်းအားကစားပြိုင်ကွင်းရှိ ဟောင်းနွမ်းပျက်ဆီးနေသော ပွဲကြည့်စင်နှင့် အဆောက်အဦတို့အား ဖျက်သိမ်းခွင့်ပြုပါရန်နှင့် အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်တောင်းခံခဲ့ပါကြောင်း၊ (၁.၂.၂၀၁၉)ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ အောင်ဆန်းကွင်းရှိ ဟောင်းနွမ်းသောအဆောက်အဦများဖျက်သိမ်းခြင်းနှင့် အားကစားကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မူအားဖြင့် ခွင့်ပြုပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားပါကြောင်း၊ သို့ဖြစ်ပါ၍ ဖျက်သိမ်းခြင်းနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာအာဏာပိုင်များ ဆက်စပ်ဝန်ကြီးဌာနများပါဝင်သော လိုအပ်သည့် အဖွဲ့အစည်းများဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(၂၈.၂.၂၀၁၉)ရက်နေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်တင်ပြထားပါကြောင်း၊ Institute of Shanghai Archetetural Design & Research Co.Ltd အနေဖြင့် အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ Design ရေးဆွဲခြင်းနှင့် အခြားရင်းနှီးမြှပ်နှံမှုကိစ္စရပ်များအား တရုတ်နိုင်ငံအကူအညီဖြင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း တင်ပြထားရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်ပေးနိုင်ပါရန် တင်ပြဆွေးနွေးပါသည်။
ထို့နောက် အောင်ဆန်းအားကစားပြိုင်ကွင်းရှိ ယိုယွင်းပျက်စီးနေမှုများအား ရုပ်ပုံကားချပ်ဖြင့် ပြည်ထောင်စုဝန်ကြီးအား တင်ပြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အောင်ဆန်းအားကစားကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်းများ၊ မိလ္လာလမ်းကြားများ ပျက်ဆီးယိုယွင်းနေမှုများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်များထံ ငှားရမ်းအသုံးပြုသော်လည်း ပြုပြင်ထိန်းခြင်းမရှိသည့်ကိစ္စရပ်များ အခြေအနေများအား ထပ်မံဖြည့်စွက်ဆွေးနွေးပါသည်။
ထို့နောက် မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/ရုံများ အဆင့်မီ ကောင်းမွန်ရေးသည်အရေးကြီးပါကြောင်း၊ လက်ရှိအသုံးပြုနေသော နိုင်ငံတစ်ဝှမ်းအသုံးပြုနေသော အားကစား ကွင်း/ရုံများလည်း နိုင်ငံတော်ဘတ်ဂျက်ပေါ်မူတည်၍ အဆင့်ဆင့်ပြုပြင်ရန် အစီအစဉ်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးမှ အောင်ဆန်းအားကစားကွင်းပတ်လည်ဈေးဆိုင်ခန်းများ ငှားရမ်းထားရှိမှု အခြေအနေများ၊ ဆိုင်ခန်းလခပေးသွင်းမှုအခြေအနေများ၊ ဆိုင်ခန်းများ စည်းစနစ်တကျရှိရေးကိစ္စရပ်များ၊ အောင်ဆန်းအားကစားပြိုင်ကွင်းရှိ အဆောက်အဦများ ဖျက်သိမ်းခြင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ ဒေသအာဏာပိုင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်အစီအစဉ်ဖြင့် မူဝါဒချမှတ်ပြုပြင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အောင်မြင်မှုရရှိစေရေးတွင် အားလုံးညီအစ်ကိုရင်းပမာ စိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါကြောင်း လမ်းညွှန်မှာကြားပါသည်။