နေပြည်တော် ၊ ဇွန်လ(၂၂) ရက်။
နှစ်စဉ် ဇွန်လ(၂၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ အမြို့မြို့ အနယ်နယ်များ၌ ကျင်းပပြုလုပ်လျှက်ရှိရာ ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှု အဖြစ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်(၅:၃၀)အချိန်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်မြင့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်း၊ ပြန်ကြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်း၊ နေပြည်တော် ကောင်စီ၀င် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ၀န်ကြီးဌာနပေါင်းစုံမှ ၀န်ထမ်းများ၊ နေပြည်တော်ရှိ လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၂၉၇၄)ဦးခန့် တစ်ပျော်တစ်ပါး ပါ၀င်ဆင်နွှဲကြပါ သည်။

အိုလံပစ်နေ့ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများသည် နေပြည်တော် မြို့မဈေး ရှေ့၌ နံနက်(၅:၃၀)နာရီအချိန်တွင် စတင်တာလွှတ်ပြီး ပျဉ်းမနား-တောင်ညို လမ်းအတိုင်း သပြေကုန်း အဝိုင်းမှ တဆင့် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက် ကာပန်း ၀င်ကြပါသည်။ အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါ၀င်ဆင်နွှဲကြသူများအား အားကစား နှင့်ကာပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များကို ပေးဝေ ကြပါသည်။
ထို့နောက် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါ၀င်ဆင်နွှဲကြသော ဒုတိယ၀န်ကြီးများနှင့်အဖွဲ့ သည် မဏိရတနာ ကျောက်စိမ်းခန်းမရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊(၂)နှင့် Free Hand Exercise လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။