spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

 
ရန်ကုန်၊ ဇွန်လ(  ၂၃  )ရက်။
 
အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို နှစ်စဉ်နှစ်တိုင်း ဇွန်လ(၂၃)ရက်နေ့တွင်ကျရောက်ပြီး အိုလံပစ်နေ့ကို ဂုဏ်ပြုတဲ့အနေဖြင့် အဖွဲ့၀င်နိုင်ငံအသီးသီးမှာ အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ပြီး ဂုဏ်ပြုကြတဲ့ အစဉ်အလာအရ မြန်မာနိုင်ငံ၌လည်း အိုလံပစ်နေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို အားကစားအဖွဲ့ချုပ်များနှင့်ပူးပေါင်းကာ အားကစားပြိုင်ပွဲများ၊ စုပေါင်းလမ်းလျှောက်ပွဲများ၊ အားကစားသရုပ်ပြသခြင်းများဖြင့် စည်ကားစွာကျင်းပပြုလုပ်ခဲ့ပါသည်။
 
 
အိုလံပစ်ပွဲတော်ကို နှစ်ပေါင်း(၇၀၀)ကျော်လောက်က ဂရိနိုင်ငံ၊ အိုလံပီယာတောင်ခြေ၌ သဘာ၀ဘေးအန္တရယ်ကြားထဲကနေကျင်းပခဲ့ပြီး ဘီစီ(၇၇၆)က ဂရိနိုင်ငံမှာ အားကစားနည်း(၅)မျိုးနှင့် အိုလံပစ်ပွဲကို လူမျိုးဘာသာမခွဲခြားဘဲ ကျင်းပခဲ့ပါသည်။ အိုလံပစ်ပွဲကျင်းပနေချိန်အတွင်းမှာ စစ်ဖြစ်နေရင်တောင် စစ်ပွဲရပ်စဲပြီး  ကျင်းပခဲ့ရာမှစတင်ပြီး အေဒီ(၃၀၀)နောက်ပိုင်းမှာ ရှေးခေတ်အိုလံပစ်ပျက်သုန်းပျောက်ကွယ်ကာ နိဂုံးချုပ်ခဲ့ပါသည်။ ၁၈၉၄ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကို စတင်ဖွဲ့စည်းပြီး ၄င်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၆)နာရီက ရန်ကုန်မြို့၊အနောက်မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံကွင်းဂိတ်အမှတ်(၉)၌ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဦးလင်းနိုင်မြင့် တက်ရောက်ပါ၀င်ဆင်နွှဲခဲ့သည်။
 
စုပေါင်းလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊  လူမှုရေး၀န်ကြီးဦးနိုင်ငံလင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ နှင့် အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထာသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အားကစားမောင်/မယ်များ၊ အားကစားနည်းပြဆရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့၀င်များ၊ ရန်ကုန်ပညာရေးကောလိပ်မှ သင်တန်းသား/သင်တန်းသူများ၊ပြည်သူများစုစုပေါင်း အင်အား (၂၀၀၀)ကျော်ခန့် စုပေါင်းလမ်းလျှောက်ပွဲသို့ တစ်ပျော်တစ်ပါး ပါ၀င်ဆင်နွှဲခဲ့ကြသည်။
 
 
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ဦးဆောင်သော  စုပေါင်းလမ်းလျှောက်ပွဲကို ကျိုက္ကဆံဂိတ်အမှတ်(၉)ရှေ့၌စတင်တာလွှတ်ရာ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း မှ သေနတ်ပစ်ဖောက်တာလွှတ်ပေးပြီး စုပေါင်းလမ်းလျှောက်ပွဲကိုစတင်ကာ အနောက်မြင်းပြိုင်ကွင်းမှတစ်ဆင့် အရှေ့မြင်းပြိုင်ကွင်းလမ်းတစ်လျှောက် လမ်းလျှောက်ကာ တောင်မြင်းပြိုင်ကွင်းလမ်းရှိ ဂိတ်အမှတ်(၆)မှ ကျိုက္ကဆံကွင်းအတွင်းသို့ ပြန်လည်၀င်ရောက် ပန်း၀င်ကြပြီး အလှူရှင်များမှ အင်အားဖြည့် အချိုရည်နှင့် ရေသန့်များ တိုက်ကျွေးခဲ့ပါသည်။
 
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အားကစားအဖွဲ့ချုပ်များမှ သတ်မှတ်ထားသော အားကစားကွင်း/အားကစားရုံများ၌ အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် စက်ဘီး၊ ကြက်တောင်၊ ဘော်လီဘော၊ ရွက်လှေ၊ မသန်စွမ်းအားကစားပြိုင်ပွဲများ၊ ရှီရွမ်၊ ဘတ်စကက်ဘော၊ ခြင်းလုံး၊ ဗိုဗီနမ်၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲများ၊ ကရာတေးပြိုင်ပွဲများ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ဘိုလင်းပြိုင်ပွဲများအသီးသီးကျင်းပပြုလုပ်ခဲ့ပြီး  ဆုရရှိသူများအား သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် အမှုဆောင်များက အိုလံပစ်နေ့အထိမ်းအမှတ်ဆုများ ချီးမြှင့်ပေးခဲ့ကြောင်းသတင်းရရှိသည်။
 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95