spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာ့သိုင်း သင်တန်းကျောင်း ဣဒ္ဓိမာန်အောင်သင်တန်းခန်းမသစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာ့သိုင်း သင်တန်းကျောင်း ဣဒ္ဓိမာန်အောင်သင်တန်းခန်းမသစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

 
 
ရန်ကုန်၊ ဇွန် (၂၃) ရက်
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်(၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်  အမှတ်(၁၀)မောင်းမကန်  ကမ်းသာလမ်းရှိ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တွင် ကျင်းပပြု လုပ်ခဲ့သည့် မြန်မာ့သိုင်း သင်တန်းကျောင်း  ဣဒ္ဓိမာန်အောင် သင်တန်း ခန်းမသစ် အဆောက် အဦ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
 
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာ့သိုင်းသင်တန်းကျောင်း စတင် တည်ထောင် ခဲ့သူ သိုင်းဆရာကြီးဦးတင်ဦးနှင့် ရွှေတောင် ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးအောင်သန်း တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
 
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရွှေတောင် ဖောင်ဒေးရှင်း နာယက ဦးအိုက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူးနိုင်း သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တို့က ကမ္ဗည်း မော်ကွန်း ကျောက်စာအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေး ပြီး အမွှေးနံသာပက်ဖျန်းခဲ့ကြသည်။
 
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -
• မြန်မာ့သိုင်းပညာ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာ အထောက် အကူပြုမည့် အခြေခံအဆောက်အဦ အားကစားလေ့ကျင့်ရေးရုံဖြစ်သည့် မြန်မာငွေကျပ် သိန်း (၄) ထောင်ကျော် တန်ဖိုးရှိသော မြန်မာ့သိုင်းသင်တန်းကျောင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဆောက်လုပ်လှူဒါန်းသည့် ရွှေတောင်ဖောင်ဒေးရှင်းကို ကျေးဇူးတင်ရှိပြီး ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်း တင်ပါကြောင်း၊
 
• မြန်မာ့သိုင်းပညာရပ်သည် သင်ယူလေ့ကျင့်သူများ၏ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုကို ရရှိစေနိုင်သည့်အပြင် မိမိကိုယ်ကိုယုံကြည်မှု၊ လျင်မြန်ဖြတ်လပ်မှု၊ ဖြတ်ထိုးဉာဏ် ကောင်းမွန်မှု၊ ဆုံးဖြတ်ချက်မှန်ကန်စွာချနိုင်မှု၊ စည်းကမ်းလိုက်နာမှု၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းများ၊ အင်ဇိုင်းများ၊ ဇီဝဓာတု ဗေဒပစ္စည်းများနှင့် အာရုံကြောစနစ်ဆိုင်ရာဓာတ်ပစ္စည်းများ ထွက်ရှိမှုများအား မျှတ ညီညွတ်စေမှုစသည့် အကျိုးကျေးဇူးများရရှိစေနိုင်ပါကြောင်း၊
 
• မြန်မာနိုင်ငံအားကစားကဏ္ဍကြီး ဘက်စုံ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကိုလည်း ပြန်လည်ဖွဲ့စည်းကာ အားကစား ကဏ္ဍအားလုံးအတွက် အကြံဉာဏ် များ ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
 
• ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများမွေးထုတ်နိုင်ရေးနှင့်  အားကစားနည်းအမျိုးမျိုး အောင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အားကစား အဖွဲ့ချုပ်များအနေဖြင့် စုစုစည်းစည်း၊ ညီညီညွတ်ညွတ်ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊
 
• နိုင်ငံတကာမှ မြန်မာ့သိုင်းပညာကို လေ့လာလိုက်စားလိုသူများအားလည်း လာရောက် သင်ယူနိုင်ရန် ဖိတ်ကြားမည် ဖြစ်ပါကြောင်း၊
 
• မြန်မာ့သိုင်းပညာလေ့ကျင့်သူများအနေဖြင့်လည်း ခင်မင်ရင်းနှီးမှု ကောင်းမွန်စွာဖြင့် ကွန်ရက်သဖွယ်ချိတ်ဆက်ခြင်းမှ တဆင့် အပြန်အလှန် အကူအညီပေးခြင်းဖြင့် လူမှု အသိုက်အဝန်းကောင်းတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊
 
• ဝန်ကြီးဌာနအနေဖြင့် အားကစားအောင်နိုင်ရေးကိစ္စရပ်များကိုသာမက ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားကို စိတ်ပါဝင်စား ဆောင်ရွက်ကြရာမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် သန်စွမ်းရေးကိစ္စရပ်များကိုလည်း အလေးပေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်နေသည့် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” လုပ်ငန်းစဉ်များအောက်၌ ဤမြန်မာ့သိုင်းပညာ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးကိုလည်း “မြန်မာတိုင်း မြန်မာ့သိုင်းတတ်ရမည်” ဟူသည့် မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်၏ဆောင်ပုဒ်နှင့် အညီ အလေးအနက်ထားကာ အကောင်အထည် ဖော်ဆောင်မည်ဖြစ်ပါကြောင်း၊
 
• တစ်နိုင်ငံလုံးအနေဖြင့် (၉.၇) သန်း ဦးခန့် ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာနှင့် စိတ်ကျန်းမာသော လူငယ်ဘဝများ ပိုင်ဆိုင်ကာ တောက်ပကောင်းမွန်သော အနာဂတ်ရရှိစေရေးအတွက် "ကျောင်း ကျန်းမာရေးအဆင့်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းစဉ် အကြောင်းအရာ (၇) ရပ်" ဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာ့သိုင်းပညာ လေ့ကျင့်ကစားနိုင်ရန်အတွက်လည်း အဆိုပါလုပ်ငန်း အစီအစဉ်များတွင် ထည့်သွင်းကာ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
 
• ကျောင်းသား၊ ကျောင်းသူများ မြန်မာ့သိုင်းပညာကို ပိုမိုစိတ်ပါဝင်စား၍ လေ့ကျင့် လိုက်စားနိုင်စေရန် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေဖြင့် စာသင်ကျောင်းများတွင် မြန်မာ့သိုင်း ပညာ သရုပ်ပြကစားခြင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပညာရေးဝန်ကြီးနှင့် ပူးပေါင်းချိတ်ဆက်ကာ ဆောင်ရွက်စေလိုပါကြောင်း၊
 
• ကျောင်းနေအရွယ်လူငယ်များ အားကစားကိုလေ့လာလိုက်စားခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာစေရုံသာမက ၎င်းတို့၏ အားကစားဆိုင်ရာ ငုတ်လျှိုးနေသော စွမ်းရည်များ ပေါ်ထွက်လာကာ ပါရမီရှင် မျိုးဆက်သစ်အားကစားသမားများလည်း မွေးထုတ်နိုင်မည် ဖြစ်ပါကြောင်း၊
 
• အားကစားအဖွဲ့ချုပ်များမှ စာသင်ကျောင်းများတွင် ဆောင်ရွက်လိုသည့် အားကစား ဆိုင်ရာကိစ္စရပ်များကို အကြံပြုတင်ပြကြပါက ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်တို့ရှိ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
 
• အားကစားအဖွဲ့ချုပ်များအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု၊ အောင်မြင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု လမ်းကြောင်းမှန်ကန်မှုအခြေအနေများကို checklist များ အသုံးပြု၍ ဆန်းစစ်သုံးသပ်မှုများ ပုံမှန်ပြုလုပ်သွားစေလိုပါကြောင်း၊
 
• မြန်မာ့အားကစားလောကကြီးတစ်ခုလုံး ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးအတွက် အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ ညှိနှိုင်းဆောင်ရွက်တတ်မှုနှင့် အကောင်းမြင်စိတ်ဓာတ်ကောင်း များကို အရင်းတည်ကာ အဖွဲ့အစည်းစိတ်ဓာတ်အပြည့်အဝဖြင့် စုစည်းပူးပေါင်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
 
 
 
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့် က အမှာစကားပြောကြားပြီး အလှူရှင် ရွှေတောင်ဖောင်ဒေးရှင်း၏ နာယက ဦးအိုက်ထွန်းက  ဆောက်လုပ် လှူဒါန်းရခြင်းအကြောင်းအားရှင်းလင်းပြောကြားခဲ့သည်။ 
 
ဆက်လက်၍ ရွှေတောင် ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးအောင်သန်းမှ သင်တန်း ခန်းမသစ်အား အားကစား နှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် နာယက သိုင်းပညာရှင် ဆရာကြီးဦးမြသိန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 
 
ဆက်လက်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အားကစားသမားများက မြန်မာ့သိုင်း၊ ပန်ကြပ်စီလပ်နှင့် ဗိုဗီနမ် အားကစားများဖြင့် သရုပ်ပြကစား ပြသခဲ့ပါသည်။
 
 
ယခုလွှဲပြောင်းပေးအပ်သည့် မြန်မာ့သိုင်းသင်တန်းခန်းမကို ရွှေတောင်ဖောင်ဒေးရှင်းမှ အလျားပေ ၁၂၀ ၊ အနံပေ ၆၀၊ အမြင့်ပေ ၂၈ ရှိ Streel Structure အဆောက်အဦးအား  ငွေကျပ် သိန်း (၄၀၀၀) ကျော် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါ သင်တန်းခန်းမတွင် အဆင့်မြင့် လေ့ကျင့်၊ သရုပ်ပြမှုများ ပြုလုပ်နိုင်သည့် နိုင်ငံတကာ အဆင့်မီ လေ့ကျင့်ရေးကွင်း (၂)ကွင်း၊ အစည်းအဝေးခန်းမ (၁)ခု၊ ကာယလေ့ကျင့်ခန်းမ(၁)ခု၊ နားနေခန်း(၁)ခန်း၊ အဝတ်လဲခန်း (၂)ခန်းနှင့် ရုံးခန်း(၂)ခန်းတို့ ဖွဲ့စည်းပါဝင်ပါ ကြောင်းသိရှိရသည်။
 
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူးနိုင်း သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရွှေတောင် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ နာယကများ၊  မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်ဥက္ကဌ ဦးရဲမြင့် နှင့် အမှုဆောင်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ သိုင်းပညာရှင်ဆရာကြီးများနှင့် အမှုဆောင် အဖွဲ့ဝင်များ၊  ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ကြသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8-0