နေပြည်တော်၊ ဇူလိုင်လ(၁)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အားကစားနှင့်ကာယပညာ ဦးစီးဌာန မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန်မှ စတင်၍ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပ ပြုလုပ်ရာ အမျိုးသား/အမျိုးသမီး(၂)ယောက်တွဲ အုပ်စုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားလျှက်ရှိပါသည်။
ဆက်လက်၍ အမျိုးသား(၂)ယောက်တွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲများအဖြစ် မန္တလေးတိုင်းဒေသကြီး အသင်းမှ မွန်ပြည်နယ်အသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ပဲခူးတိုင်းဒေသကြီး အသင်းအား (၂:၁)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းအား (၂:၁)ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းအား (၂:၀)ဖြင့် လည်းကောင်း အသီးသီးအနိုင် ရရှိသွားပါသည်။
ဆက်လက်၍အမျိုးသမီး(၂)ယောက်တွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲများအဖြစ် ကရင်ပြည်နယ်အသင်းမှ ဧရာ၀တီတိုင်းဒေသကြီးအသင်းအား (၂:၀)ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းမှ ကချင်ပြည်နယ်အသင်းအား (၂:၀)ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းအား (၂:၀)ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ မွန်ပြည်နယ်အသင်းအား (၂:၀)ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲကိုကျင်းပရာ အမျိုးသမီး(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာ၀တီတိုင်းဒေသကြီးအသင်း၊ တတိယ ဆုရရှိသော မွန်ပြည်နယ်အသင်းတို့အား ရန်ကုန်တိုင်းအသင်းအုပ်ချုပ်သူမှလည်းကောင်း၊
ဆက်လက်၍ အမျိုးသား(၄)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာ၀တီတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိသော ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့အား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးချစ်ငြိမ်းလွင်မှလည်းကောင်း၊
အမျိုးသမီး(၃)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ကချင်ပြည်နယ်အသင်းတို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေမှလည်းကောင်း အသီးသီးဆု များချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ (၂.၇.၂၀၁၉)ရက်နေ့ ပြိုင်ပွဲများအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(A)တွင် နံနက် (၉:၀၀)နာရီမှစ၍ အမျိုးသား /အမျိုးသမီး (၂)ယောက်တွဲပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကိုယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်ပါကြောင်း သိရှိရပါသည်။