မြိတ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အိုလံပစ်နေ့အထိမ်းအမှတ် မိုက္ကရို မာရသွန်ပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယကော်ပညာကော်မတီနှင့် မြို့နယ် ပြေးခုန်ပစ်ဆပ်ကော်မတီတို့ ပူပေါင်း၍ ဇူလိုင်လ(၆)ရက် နံနက်(၆)နာရီက မြို့မအားကစားကွင်းရှေ့စုရပ်မှ စတင်ကျင်းပခဲ့ရာ ကျောင်းသား/သူ လူငယ်မောင်မယ်(၁၂၀) ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မိုက္ကရိုမာရသွန်ပြိုင်ပွဲကို ပြေးခုန်ပစ်ဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်သန်းသန်း က တာလွတ်ပေးခဲ့ပြီး ပြိုင်ပွဲ၀င်များက မြို့မအားကစားကွင်းရှေ့ စုရပ်မှ ကန်ဖျားလမ်းမ၊ ကန်ဖျားမြေနီလမ်း၊ လေယာဉ်ကွင်းလမ်း၊ ကန်ဖျားလမ်းမကြီး၊ ပိတောက်ပင်လမ်း၊ အရာရှိရိပ်သာလမ်း၊ တပ်ပြင်လမ်း၊ ရွှေကျင်တိုက်လမ်း၊ ကွက်သစ်/ ထား၀ယ်စု(c)လမ်း၊ နာရီစဉ်လမ်း၊ ဗိုလ်ချုပ်လမ်း၊ နောက်လယ်(၇)လမ်း၊ ပိတောက်ရွှေဝါလမ်း၊ ပြည်သာယာလမ်း၊ ဦးမြတ်လေးလမ်း၊ ဘုရားကိုင်လမ်း၊ စကားဝါလမ်း၊ ကရနီမီးပွိုင့်မှတဆင့် မြို့မအားကစားကွင်းရှေ့တွင် ပြန်လည်ပန်းဝင်ကြသည်။
ထိုနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် ဇွဲဆုရရှိခဲ့ကြသော အမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၇)ဦး၊ နှစ်သိမ့်ဆုရရှိသော အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ကို ငွေသားဆုများ နှင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အမျိုးသား၊ အမျိုးသမီးများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုအောင် နှင့် တာ၀န် ရှိသူများ က ငွေသားဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြိတ် ပြန်/ဆက်