spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဗီယက်နမ်အပျော်တမ်း အမျိုးသားဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည့်ဖြိုးသူ ချန်ပီယံဆုရရှိ

ဗီယက်နမ်အပျော်တမ်း အမျိုးသားဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည့်ဖြိုးသူ ချန်ပီယံဆုရရှိ

 

၈ ဇူလိုင်
                       

ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ဗီယက်နမ် အပျော်တမ်းအမျိုးသား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဂေါက်သီးရိုက်ကစားသမား ပြည့်ဖြိုးသူသည် ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည်။
                       

(၁၅)ကြိမ်မြောက် ဗီယက်နမ် အပျော်တမ်းအမျိုးသား ဂေါက်သီးရိုက်ပြိုင်ပွဲ (15th Vietnam Amateur Open 2019) နှင့်အတူ (၈)ကြိမ်မြောက် ဗီယက်နမ် အပျော်တမ်းအမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲ (8th Vietnam Ladies Amateur Open 2019) ပြိုင်ပွဲကိုပါ ကျင်းပခဲ့ပြီး မြန်မာဂေါက်သီးရိုက်အဖွဲ့သည် အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကာ ချန်ပီယံတစ်ဆု၊ ဒုတိယဆုနှစ်ဆုနှင့် တတိယဆုတစ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ (၁၅) ကြိမ်မြောက် ဗီယက်နမ် အပျော်တမ်းအမျိုးသား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည့်ဖြိုးသူက သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်လျှော့ရိုက်ကာ ချန်ပီယံဆုရခဲ့ပြီး လှိုင်မင်းထက်က ဒုတိယ၊ သီဟမျိုးဆက်က တတိယဆုရခဲ့သည်။ မြန်မာအမျိုးသား ဂေါက်သီးရိုက်ကစားသမားများအနက် ပြည့်ဖြိုးသူ၊ လှိုင်မင်းထက်နှင့် သီဟမျိုးဆက်တို့မှာ ပြိုင်ဘက်နိုင်ငံများမှ ကစားသမားများကို ကျော်ဖြတ်ကာ ထိပ်ဆုံးသုံးဦးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ရာဇာအောင်မှာမူ အဆင့် (၉) နေရာတွင် ရပ်တည်ခဲ့သည်။ (၈) ကြိမ်မြောက် ဗီယက်နမ် အပျော်တမ်းအမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲတွင်မူ မြန်မာ့လက်ရွေးစင် ဂေါက်သီးရိုက်အားကစားမယ် ဖူးပွင့်ရတီခိုင်သည် ဒုတိယဆုရခဲ့ပြီး သင်းဝေခိုင်မှာမူ အဆင့် (၆)နေရာဖြင့် ကျေနပ်ခဲ့ရသည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများမှ ဂေါက်သီးရိုက်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာကစားသမားများမှာ လက်စွမ်းပြကာ အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။
                        

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်သည် လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်ကစားသမားများ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရန်၊ ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်ပြီး အတွေ့အကြုံကောင်းများရရှိရန်နှင့် ယင်းပြိုင်ပွဲများမှ အတွေ့အကြုံများဖြင့် လာမည့်ပြိုင်ပွဲများတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ပြိုင်ပွဲများဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး နိုင်ငံအတွက် အရေးပါသည့်အောင်မြင်မှုများလည်း ရယူပေးနိုင်လျက်ရှိသည်။


သတင်း-ဖိုးသော်ဇင် ၊ ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%99%E1%80%BA%E1%80%A1%E1%80%95%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA%E1%80%90%E1%80%99%E1%80%BA%E1%80%B8-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%82%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%9E%E1%80%AE%E1%80%B8%E1%80%9B%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%B7%E1%80%96%E1%80%BC%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%B0-%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%86%E1%80%AF%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD