spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > 30TH SEA GAMES အောင်မြင်မှုရရှိနိုင်ရေးအတွက် မြားပစ်အားကစားသမား လူရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးနှင့် ကိုရီးယားနိုင်ငံ DAE GU UNIVERSITY လေ့လာရေး အဖွဲ့မှ မြားပစ်အားကစားပစ္စည်းများပေးအပ်လှူဒါန်းပွဲကျင်းပ

30TH SEA GAMES အောင်မြင်မှုရရှိနိုင်ရေးအတွက် မြားပစ်အားကစားသမား လူရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးနှင့် ကိုရီးယားနိုင်ငံ DAE GU UNIVERSITY လေ့လာရေး အဖွဲ့မှ မြားပစ်အားကစားပစ္စည်းများပေးအပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်၊ ဇူလိုင်လ(၁၈)ရက်။          

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အနေဖြင့် ၂ဝ၁၉ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  (၃ဝ) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် မြားပစ်အားကစားနည်းဖြင့် အောင်မြင်မှုရရှိစေနိုင်ရေးအတွက် လူရွေးချယ်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးနှင့် ကိုရီးယားနိုင်ငံမှ Bread Sharing Center Of Love နှင့် ကိုရီးယားနိုင်ငံမှ  DAE  GU  UNIVERSITY အဖွဲ့မှ မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များအား တွေ့ဆုံကာ မြားပစ်အားကစား အထောက်အကူ ပြုပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်ကွင်းရှိ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ 30TH SEA GAMES တွင် မြားပစ်အားကစားနည်းဖြင့် အောင်မြင် မှုရရှိနိုင်ရေးအတွက် လူရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟမှ အဖွဲ့ချုပ်အနေဖြင့် ဂုဏ်သိက္ခာရှိရှိ သမာသမတ်ကျသည့် ရွေးချယ်နိုင်ရေး၊ နည်းပြများအနေဖြင့်လည်း ဘက်လိုက်မှုမရှိစေဘဲ စည်းကမ်းလိုက်နာမှု၊ လေ့ကျင့်ချိန်မှန်ကန်မှု၊ စံချိန်များတိုးတက်မှုနှင့် အပတ်စဉ်လက်ရည်စစ်စံချိန်များ တိုးတက်ကောင်းမွန်မှသာ ရွေးချယ်သွားရမည်ဖြစ်ပါကြောင်း၊ အရွေးမခံရသော အားကစားသမားအနေဖြင့်လည်း စိတ်ဓါတ်မကျစေဘဲ အခြား Olympic ပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်သွားစေလိုကြောင်း၊ ရွေးချယ်ရာတွင်လည်း နိုင်ငံခြားသွားရမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းဖြင့် လိုက်ပါလာခြင်းမျိုး မဟုတ်ဘဲ ဂုဏ်သိက္ခာရှိရှိ စံချိန်ကောင်းအောင် ရရှိနေဖို့ လိုအပ်ပြီး နိုင်ငံတကာအားကစားသမားများနှင့် ရင်ဘောင်တန်းပြိုင်ပွဲဝင်လိုပါကြောင်းဖြင့် ပြောကြားသွားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ မြန်မာမြားပစ်အသင်း အောင်မြင်မှုရရှိစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍တင်ပြရာတွင်  ပဏာမအားကစားသမားများကိုပြိုင်ပွဲဝင် ပုံစံအမှတ်ယူခြင်း၊ အပတ်စဉ်တရားဝင်စံချိန်ယူခြင်းများတွင် သတ်မှတ်စံချိန်ပြည့်မီသူများ ရွေးချယ်သွားနိုင်ရေး၊ သတ်မှတ်စံချိန်ရရှိပါက Event အလိုက်ရွေးချယ်နိုင်ရေး၊ လူရွေးချယ်ရာတွင် အပတ်စဉ် (၃)ကြိမ် စံချိန်ယူပြီး၄င်းစံချိန်အပေါ် လူရွေးချယ်မှုအား ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် နောက်ဆုံးလူဖြတ်မည့်စာရင်းအား သြဂုတ်လတတိယပတ်တွင် စာရင်းပေးနိုင်ရေးနှင့် Asia Cup World  Ranking Tournament  Stage III / SEAG  Test Event -2019 နှင့် 2020 Tokyo Olympic  Qualification  အဆင့်ဝင်ပြိုင်နိုင်ရေးအတွက် အသေးစိတ်ရှင်းလင်းတင်ပြပြီး အဖွဲ့ချုပ် အလုပ်အမှုဆောင်များနှင့် အဖွဲ့ချုပ်ဥက္ကဌတို့မှ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းရပ်များကို ပြန်လည်သုံးသပ် ညှိနှိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ ကိုရီးယားနိုင်ငံ Bread Sharing Center Of Love နှင့်   DAE  GU  UNIVERSITY အဖွဲ့မှ လာရောက်လေ့လာရာ ရှေးဦးစွာ အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး DAE  GU  UNIVERSITY တက္ကသိုလ်မှ ပရောဖက်ဆာ Ms. Jung မှ မြားပစ်ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ဦးမှ အဖွဲ့ချုပ်အမှုဆောင်များနှင့် မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်၊ အဖွဲ့ချုပ် လက်ရွေးစင်နည်းပြချုပ် ကိုရီးယားနိုင်ငံသား Mr.Youn Byung  Sun မှ မြားပစ်သမိုင်းကြောင်းအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး ကိုရီးယားနိုင်ငံ DAE  GU  UNIVERSITY တက္ကသိုလ်မှ ပရောဖက်ဆာ Ms. Jung နှင့် အဖွဲ့မှ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သို့ မြားပစ်အထောက်အကူ ပြုပစ္စည်းများပေးအပ်လှူဒါန်းရာ အဖွဲ့ချုပ်ဥက္ကဌ ဦးဇေသီဟနှင့် အမှုဆောင်များက လက်ခံရယူခဲ့သည်။

မြားပစ်ပစ္စည်းလှူဒါန်းပွဲအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူ ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ၊ အဖွဲ့ချုပ် ဒုတိယဥက္ကဌများနှင့် အမှုဆောင်များ၊ နည်းပြအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/30th-sea-games-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%80%9C%E1%80%B0%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8