spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဝူရှူးအားကစားနည်း အတန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်

ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဝူရှူးအားကစားနည်း အတန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်  ၁၇ ဇူလိုင်

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ မျှော်မှန်ထားသည့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ အားကစားသမားများသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း  ဂိုလ်ကန့်၌ စခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်းသိရသည်။ 

 

“ကျွန်မတို့ ဆီးဂိမ်းပြိုင်ပွဲအတွက် ဝူရှူးအားကစားနည်းဖြစ်တဲ့ ဆန်ဆိုနဲ့ ထောက်လု အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၉ ဦးတို့က တစ်နေ့နှစ်ကြိမ် လေ့ကျင့်လျက်ရှိပါတယ်။ ထောက်လု အားကစားနည်းကို တရုတ်နည်းပြနဲ့လေ့ကျင့်ပြီး ဆန်ဆိုကစားနည်းကို မြန်မာ့လက်ရွေးစင်ဟောင်းနည်းပြများနဲ့ လေ့ကျင့်နေပါတယ်။ အိမ်ရှင်ဖိလစ်ပိုင်က ဆီးဂိမ်းမှာ ဝူရှူးအားကစားနည်းဖြစ်တဲ့ ဆန်ဆိုမှာ အမျိုးသားငါးတန်း၊ အမျိုးသမီးနှစ်တန်းနဲ့ ထောက်လုကစားနည်း အမျိုးသားခုနစ်တန်း အမျိုးသမီးနှစ်တန်း ထည့်သွင်း ကျင်းပမှာဖြစ်တဲ့အတွက် အတန်းပြည့် ဝင်ရောက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဝူရှူး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်က ပြောသည်။ 

 

“ဆီးဂိမ်းမှာ ရွှေတံဆိပ်ရမယ့် အားကစားသမား အတွက်လည်း ခွင့်ပြုချက်တွေကျလာပြီး ဖွဲ့စည်းမှုတွေ အတည်ရရှိခဲ့မယ်ဆိုရင် အဖွဲ့ချုပ်အနေနဲ့ ဆုကြေးချီးမြှင့်ဖို့ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ စင်ကာပူနိုင်ငံမှာကျင်းပမယ့် နိုင်ငံတကာလူငယ်ပြိုင်ပွဲ ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အာရှလူငယ်ပြိုင်ပွဲနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပမယ့်(၁၅)ကြိမ်မြောက် ကမ္ဘာ့ဝူရှူးပြိုင်ပွဲတွေ ရှိပါတယ်” ဟု ၎င်းကဆက်လက် ပြောသည်။ 

 

ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာဝူရှူးအားကစားသမားများသည် အဓိကပြိုင်ဘက်များမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများဖြစ်ကြောင်း သိရသည်။ မြန်မာဝူရှူးအားကစားသမားများသည် ၂၀၁၈ နိုဝင်ဘာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) အားကစားပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခု ဆွတ်ခူးခဲ့သည်။

 

သတင်းနှင့်ဓာတ်ပုံ-အာကာစို


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%96%E1%80%AD%E1%80%9C%E1%80%85%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%9D%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8-%E1%80%A1%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%B7-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9A%E1%80%BE%E1%80%89%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%8A%E1%80%BA