spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၇နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဆုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၇နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဆုချီးမြှင့်

ရန်ကုန်၊ ဇူလိုင်လ (၂၃)။   

၂ဝ၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်၁၇နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယမန်နေ့ညနေ(၃) နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်လုပြိုင်ပွဲတွင် ခရမ်းမြို့နယ်အသင်းနှင့် မြောက်ဥက္ကလာပမြို့နယ်အသင်း တို့ယှဉ်ပြိုင်ကစားကြရာ ခရမ်းမြို့နယ်အသင်းက (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားသည်။ ပြိုင်ပွဲတွင် နှစ်ဘက် အသင်းယှဉ်ပြိုင်ရာတွင် လူငယ်များပီပီ အားသွန်ခွန်စိုက် ရေကုန်ရေခမ်း အကြိပ်အနယ် ယှဉ်ပြိုင်ကစားပြီး ပထမပိုင်းတွင် တစ်ဂိုးစီသရေကျနေရာ ပထမပိုင်း (၂၈)မိနစ်တွင် ကျောနံပါတ် (၆) ခရမ်းမြို့နယ် အသင်းက ဦးဆောင် ဂိုးသွင်းယူ ထားနိုင်ခဲ့ပြီး ပြိုင်ပွဲကိုဦးဆောင်နိုင်ခဲ့သည်။

ဆက်လက်ပြီး မြောက်ဥက္ကလာပ အသင်းကလည်းခြေပဂိုး ပြန်လည်ရရှိရေး အတွက် တိုက်စစ်ဆင်ကစားလာရာ ပထမပိုင်းပြီးခါနီး (၄၄)မိနစ်တွင် ကျောနံပါတ် (၁ဝ) မြောက်ဥက္ကလာပအသင်းက ခြေပဂိုးပြန်လည်သွင်းယူ နိုင်ခဲ့ပြီး ပထမပိုင်း သရေဖြစ်ခဲ့သည်။ ဒုတိယပိုင်းဆက်လက်ကစားရာ နှစ်ဘက်အသင်း အနိုင်ဂိုးရရှိစေရေးအတွက် အမှားအယွင်းနဲအောင် သူတင်ကိုယ်တင်ကြိုးစားကစားကြရာ ပွဲချိန် ၈၈မိနစ်တွင် ခရမ်းမြို့နယ် အသင်းအတွက် အနိုင်ဂိုးကို ကျောနံပါတ်(၉) က သွင်းယူနိုင်ခဲ့၍ ပွဲအပြီးတွင် ခရမ်းမြို့နယ်အသင်းက (၂)ဂိုး၊ (၁) ဂိုး ဖြင့်အနိုင်ရဗိုလ်ဆွဲသွားသည်။

ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာတတိယဆုရ သံလျင်မြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှလည်းကောင်း၊ ဒုတိယဆုရ မြောက်ဥက္ကလာပအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ရွေးစင် အသင်းနည်းပြချုပ် လမ်းတံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းတိုးအောင်မှလည်းကောင်း၊ ပထမဆုရ ခရမ်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် မှလည်းကောင်း၊  တတိယဆုရ သံလျင်မြို့နယ်အသင်းအားငွေသားဆုကျပ် (၁ဝ) သိန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးမှလည်းကောင်း၊ ဒုတိယဆုရ မြောက်ဥက္ကလာပမြို့နယ်အသင်းအား ငွေသားဆုကျပ် (၁၅)သိန်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့် မှလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးကြသည်။

ဆက်လက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်မှ အကောင်းဆုံးရှေ့တန်းအားကစားသမားဆုရ ကျောနံပါတ်  (၇) ညီညီလင်းမောင် (သံလျင်)၊ အကောင်းဆုံးအလယ်တန်းဆုရ ကျောနံပါတ် (၈) အံ့မင်းခန့် (ခရမ်း)၊ ကောင်းဆုံးနောက်တန်းဆုရ ကျောနံပါတ် (၄) ချစ်ထူး (မြောက်ဥက္ကလာ)၊ အကောင်းဆုံးဂိုးသမားဆုရ ကျောနံပါတ် (၁) သီဟဇော် (ခရမ်း)နှင့် ပွဲစဉ်တစ်လျောက်အကောင်းဆုံး အားကစားသမားဆုရ ကျောနံပါတ်(၁ဝ) သိန်းဇော်သီဟ (မြောက်ဥက္ကလာ)တို့အား Trophy ရုပ်ဆုနှင့် ငွေသားဆုများချီးမြှင့်ပေးသည်။

ထိုနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂ဝ၁၉ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်ဆွဲပြီး ပထမ ချန်ပီယံဆုရရှိသွားသည့် ခရမ်းမြို့နယ်အသင်းအား ဆုငွေကျပ် သိန်း(၂ဝ) နှင့် ချန်ပီယံဆုဖလားကြီးအားချီးမြှင့်ပေးခဲ့သည်။

ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ပေါင်း (၄၄)မြို့နယ် ရှိရာမှာ မြို့နယ်အသင်း ၄ဝ သင်းက ခရိုင်လိုက်ဇုံ (၄) ဇုံ ခွဲကာ အုပ်စုပါတ်လည် စနစ်ဖြင့်ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ် ဒီပြိုင်ပွဲဟာ မြို့နယ်တိုင်းမှ ထူးချွန်သောလူငယ်ဘောလုံးကစားသမားများ ရှာဖွေ ရွေးထုတ်တာဖြစ်သလို ဒီထဲမှ ထူးချွန်သောမျိုးဆက်သစ် အားကစားသမား များကို ကလပ်အသင်းများနှင့် အား/ကာ(သိပ္ပံ)လို ကျောင်းတွေက ခေါ်ယူမယ်ဆိုရင် သူတို့လေးတွေအတွက် လမ်းစဖေါက်ပေးတာ ဖြစ်ပါကြောင်း တိုင်းဒေသကြီးတွေမှာ မြို့နယ်အဆင်းဘောလုံးပြိုင်ပွဲတွေ အပြင် အခြားအားကစားနည်းများကို ပြည်သူများအရင်ကလို အားကစားကို ပိုမိုစိတ်ဝင်စားလာစေရေးအတွက် သက်ဆိုင်ရာ ကိုယ့်တိုင်းဒေသကြီးတွေမှာ ယခုလိုစဉ်ဆက်မပြတ် ပြိုင်ပွဲများကျင်းပပေးရခြင်း ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းမှာ ပြောကြားကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%81%E1%81%87%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA