နေပြည်တော်၊ ဇူလိုင်လ(၂၆)ရက် ။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့၏ပူးပေါင်းမှုဖြင့် အိုလံပစ်သွေးစည်းညီညွတ်ရေး အစီအစဉ်အရဖွင့်လှစ်သည့် အမျိုးသားအဆင့်အားကစားစီမံခန့်ခွဲသူများသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၁)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ အိုလံပစ်ကော်မတီအဖွဲ့၀င်များ၊သင်ခန်းစာပို့ချပေးခဲ့သည့်ဆရာများနှင့်သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ၊ အားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးအတွက် ခေတ်မီသိပ္ပံနည်းကျတဲ့နည်းစနစ်တွေ၊ နည်းဗျူဟာတွေ၊ အားကစားလေ့ကျင့်ရေးသဘောတရားတွေ၊ အားကစားဆေးပညာနဲ့သုတေသနလုပ်ငန်းတွေ၊ အားကစားစီမံခန့်ခွဲမှု၊ အားကစားဆိုင်ရာဘက်ပေါင်းစုံပညာရပ်တွေနဲ့ စူးစမ်းကြံဆပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းမှ ရရှိခဲ့ကြတဲ့အသိပညာ၊ အတတ်ပညာတွေကို မိမိတို့ရှိပြီးသားအတွေ့အကြုံကောင်းများနဲ့ဆက်စပ်ပေါင်းစပ်ပြီး အကျိုးရှိစွာ ပြန်လည်ကျင့်သုံးလိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲသူများ သင်တန်း(၁/၂၀၁၉)အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ သင်တန်းဆရာများနှင့် သင်တန်းတာ၀န်ခံများ၊ တာ၀န်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွဲ့လိုက် Presentation ပြုလုပ်ရာတွင် Solving Problem ခေါင်းစဉ်ဖြင့် ဆုရရှိသည့် သင်တန်းသားအဖွဲ့အားလည်းကောင်း၊ အမျိုးသားအဆင့်အားကစားစီမံခန့်ခွဲသူများသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းကို (၂၂.၇.၂၀၁၉) ရက်နေ့မှ(၂၆.၇.၂၀၁၉)ရက်နေ့ထိ သင်တန်းသား(၁၈)ဦး သင်တန်းသူ(၂၂)ဦး စုစုပေါင်း(၄၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။