
ရန်ကုန်၊ သြဂုတ်လ( ၂၆ )ရက်။
(၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အလေးမအားကစားနည်းများကို သြဂုတ်လ(၂၈)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ မြန်မာလက်ရွေးစင်အလေးမအသင်းမှာ ပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်နိုင်ရန်အတွက် ယနေ့နံနက်(၁၁)နာရီက MH (741)လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်အောင်စိုး ဦးဆောင်ကာ အတွင်းရေးမှူး ဦးသီဟန်၊ နည်းပြနှင့် အားကစား သမားအဖွဲ့ဝင်စုစုပေါင်း(၉)ဦးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံ သို့ထွက်ခွာသွားကြသည်။
ဆက်လက်ပြီးပြိုင်ပွဲများယှဉ်ပြိုင်ပြီးဆုံးသွားသည့် ပြေးခုန်ပစ်အားကစားသမား(၃)ဦး၊ ဘိုးလင်း အားကစားသမား(၇)ဦး နှင့်ဘိလိယက်အားကစားသမား(၃)ဦးတို့သည် ယနေ့နံနက် (၁၂)နာရီ က MH (740) လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရောက် ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ñွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)သင်တန်းကျောင်း မှ အားကစာသမားသင်တန်းသား/သင်တန်းသူများ ကပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထွက်ခွာသွားသော အလေးမအသင်းနှင့် ပြန်လည်ရောက်ရှိသော အားကစားအသင်း များအား ကြိုဆို နှုတ်ဆက်ကြသည်။
ဘိလိယက်ပြိုင်ပွဲတွင် နေသွေးဦး က တစ်ဦးချင်း ဘိလိယက်ပြိုင်ပွဲ၌ ကြေးတံဆိပ်(၁)ဆု၊ ချစ်ကိုကို က တစ်ဦးချင်းဘိလိယက်ပြိုင်ပွဲ၌ ငွေတံဆိပ် (၁)ဆု ၊ အမျိုးသား(၂)ယောက်တွဲ (9- Ball) ပြိုင်ပွဲ၌ အောင်မိုးသူနှင့်မောင်မောင်အတွဲတို့က ငွေတံဆိပ်(၁)ဆု ရရှိခဲ့ပြီး ဘိလိယက် အားကစားနည်းမှ လက်ကျန်ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင် လျက်ရှိကြောင်းသိရှိရသည်။