spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးမြို့တွင် ဒုတိယအကြိမ် တောင်သုံးတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

မန္တလေးမြို့တွင် ဒုတိယအကြိမ် တောင်သုံးတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

 
မန္တလေး ဇူလိုင် ၃၀
 
မန္တလေးမြို့တွင် ဒုတိယအကြိမ် တောင်သုံးတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲနှင့် တောင်ဆင်း လမ်းကြမ်း Downhill ပြိုင်ပွဲတို့ကို လာမည့် ဩဂုတ်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း MFR (Mandalay free Rider )မှ သိရသည်။
 
အဆိုပါ ပြိုင်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ် တို့ ပူးပေါင်းစီစဉ်ညွှန်ကြားမှုဖြင့် MFR (Mandalay free Rider)မှ ကြီးမှူး၍ မန္တလေးမြို့ရှိ မန္တလေးတောင်၊ ရန်ကင်းတောင်၊ ရေတံခွန်တောင်တို့တွင် Mountaing Bike ပြိုင်ပွဲ၊နေကာတောင်တွင် တောင် အဆင်း လမ်းကြမ်း Down Hill ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇူလိုင် ၂၉ ရက်နေ့ နေ့လယ် ၁ နာရီက မန္တလေးမြို့၊ရွှေပြည်သာ စားသောက်ဆိုင်တွင်ကျင်းပသည့် ပြိုင်ပွဲနှင့် ပတ်သက်၍ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
''အခြားပွဲတွေထက် ထူးထူးခြားခြားပွဲလေးပေါ့ တောင်သုံးလုံးတက်ခိုင်းတယ်။ ပထမအကြိမ်ကတော့ မနှစ်က လုပ်ခဲ့တယ်။မနှစ်ကလိုပါပဲ မန္တလေးတောင်၊ရန်ကင်းတောင်၊ရေတံခွန်တောင် တောင်သုံး တောင်ကို စီးနင်းရပြီး ရေတံခွန်တောင်ထိပ်မှာ ပန်းဝင်ရမှာပါ အတန်းအနေနဲ့ ၁၀ တန်း ခွဲထားပါတယ်။ Down Hill ပြိုင်ပွဲက အတန်းသုံးတန်း၊Cross Country က ၇ တန်း ခွဲထားပါတယ်။MFR (Mandalay free Rider) အဖွဲ့မှ ကိုအောင်ပိုင်စိုးက ပြောသည်။
 
တောင်သုံးတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲတွင် လမ်းကြောင်းအဖြစ် မြို့တော်ခန်းမရှေ့မှ - 26 လမ်း - လမ်း 80 ၊ မန္တလေးတောင်တက်လမ်း၊ မန္တလေးတောင်ဆင်းလမ်း၊ မတ္တရာအထွက်လမ်း၊ သံလမ်း အကျော်ညာကွေ့၊ လယ်တောလမ်း၊ YHBC -3 လမ်းဟောင်း၊ ရန်ကင်းတောင်အတက်လမ်း၊ ရန်ကင်းတောင်အဆင်းလမ်း၊ မန္တလေး -ပြင်ဦးလွင် လမ်းသစ်မုဒ်ဦး ရေတံခွန်တောင်သို့သွားသည့် တောလမ်းတစ်လျှောက်၊ ရေတံခွန်တောင်တက်လမ်းအတိုင်း၊ ထူးမဘုန်းကြီးကျောင်းအထိသွားကာ ပန်းဝင်မည်ဖြစ်ပြီး နေကာတောင် တောင်အဆင်းလမ်းကြမ်း Down Hill ပြိုင်ပွဲလမ်းကြောင်းမှာ ရေတံခွန်တောင်ဘေးရှိ နေကာတောင်ထိပ်မှ တောင်ခြေထိ ပန်းဝင်မည်ဖြစ်ကြောင်း သိရသည်။
 
တောင်သုံးတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲတွင် အတန်းလိုက် ပထမမှ 
ပဥ္စမအထိ ဆု (၅)ဆု နှင့် နေကာတောင်တွင် တောင်အဆင်းလမ်းကြမ်း Down Hill ပြိုင်ပွဲအတွက် ဆု (၅)ဆု နှင့် The longest jump Race တစ်ဆုတို့ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
မန္တလေးမြို့တွင် ပထမအကြိမ် ကျင်းပပြုလုပ်သည့် တောင်သုံးတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲ နှင့် လမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး တောင်သုံးတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၅၁၈ ဦး၊နေကာတောင် တောင်အဆင်းလမ်းကြမ်း Down Hill ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၃၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
 
ကိုမင်း(အင်းတော်)

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%99%E1%80%8A%E1%80%BA