နေပြည်တော်၊ သြဂုတ်(၁)ရက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသော ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုခန်းမ၌ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။
ယနေ့ ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား(-၆ဝ)ကီလိုတန်း၊ အမျိုးသား(-၈၁)ကီလိုတန်း၊ အမျိုးသမီး(-၅၇)ကီလိုတန်း၊ အမျိုးသမီး(-၆၃)ကီလိုတန်း၊ အမျိုးသမီး(-၇ဝ)ကီလိုတန်း၊ အမျိုးသမီး(-၇၁)ကီလိုတန်း၊ (+၇၈)ကီလိုတန်း၊ အမျိုးသား(+၁ဝဝ)ကီလိုတန်း၊ အမျိုးသမီး(-၇၈)ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး(-၄ဝ)ကီလိုတန်းပြိုင်ပွဲတွင် ပထမ ထက်ထက်ဝင်း(ဧရာဝတီ)၊ ဒုတိယ တင်ဇာမြင့်(ကချင်)၊ ပူးတွဲတတိယဆုကို မြဖူးပွင့်(ရန်ကုန်)နှင့် ဇင်မာမျိုး(တနင်္သာရီ)တို့ကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းမှလည်းကောင်း၊ အမျိုးသမီး(-၄၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမ နော်မီးမီး(ဧရာဝတီ)၊ ဒုတိယ ထက်နန္ဒာထွန်း(ရန်ကုန်)၊ ပူးတွဲတတိယဆုကို နှင်းအိအိလှိုင်(ကချင်)နှင့် ပန်းအိဖြူ (တနင်္သာရီ)၊ အမျိုးသမီး (-၄၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆု မေရီစန်း(ချင်း)၊ ဒုတိယဆု ခိုင်စံပယ်(စစ်ကိုင်း)၊ ပူးတွဲတတိယဆုကို နန်းထူးထူးအောင်(ရှမ်း)နှင့် ခိုင်ခိုင်မော်(ကချင်)၊ အမျိုးသမီး(-၅၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆု အိအိဝင်း(မန္တလေး)၊ ဒုတိယဆု အေးပပဖြိုး(ရန်ကုန်)၊ ပူးတွဲတတိယဆုကို ယုနန္ဒာလွင်(ဧရာဝတီ)နှင့် ပိုးအိအိလွင်(ကချင်)တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသား (-၄၅)ကီလိုတန်းပြိုင်ပွဲ၊(-၅ဝ)ကီလိုတန်းပြိုင်ပွဲ၊ (-၆၆)ကီလိုတန်းပြိုင်ပွဲ၊ (-၇၃)ကီလိုတန်းပြိုင်ပွဲ၊(-၉ဝ)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(-၅၇)ကီလိုတန်းပြိုင်ပွဲ၊ (-၆၃)ကီလိုတန်းပြိုင်ပွဲ၊ (-၇ဝ)ကီလိုတန်းပြိုင်ပွဲ၊ (-၇၈)ကီလိုတန်းပြိုင်ပွဲ၊ (+၇၈)ကီလိုတန်းပြိုင်ပွဲများတွင်ဆုရရှိသော အားကစားသမားများအား မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဒုဥက္ကဋ္ဌများဖြစ်ကြသော ဦးဦးခိုင်နှင့်ဦးဋ္ဌေးအောင်မှလည်းကောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် နည်းပြချုပ် မစ္စတာအိုရှီးမားမှလည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ နည်းပြချုပ် မစ္စတာဟီရသမှလည်းကောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးမောင်မောင်ထွေးဦးနှင့်တာဝန်ရှိသူများမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲများကို (၃၁.၇.၂ဝ၁၉)ရက်နေ့မှ (၂.၈.၂ဝ၁၉)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကိုစိတ်ပါဝင်စားသူများအနေဖြင့် နေပြည်တော် လယ်ဝေးအားကစားကွင်း ဂျူဒိုအားကစားခန်းမတွင် လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။