နေပြည်တော်၊ ဇူလိုင်လ(၃ဝ)ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး(အားကစား) နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မူလတန်း၊ အလယ်တန်း တက်ရောက်နေသည့် ဝန်ထမ်း သား/သမီးများအား အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့မှ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစား Complex အတွင်းရှိ Social Zone ရှိအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်အမှာစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပါသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းပေးပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အမျိုးသမီးများစောင့်ရှောက်ရေးအဖွဲ့မှ အမျိုးသမီးအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အမှာစကားပြောကြားရာတွင် ယခုဖွဲ့စည်းထားသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(အားကစား) လက်အောက်ရှိ အမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့သည် ဌာနတွင်းရှိ အမျိုးသမီးဝန်ထမ်းများ စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်ဝန်ထမ်းများ လစဉ်လှူဒါန်းထည့်ငွေဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဌာနတွင်းရှိ အမျိုးသမီးဝန်ထမ်းများ တက်နိုင်သ၍စောင့်ရှောက်ကာကွယ်ပေးရန် ရည်ရွယ်ပါကြောင်း၊ အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းကိစ္စရပ်များ၊ ဆေးရုံတက်ရသမျှအခြေနေများ၊ အခြေခံလိုအပ်သောအကူအညီဆောင်ရွက်မှုများအား ပေးအပ်ထောက်ပံ့လျက်ရှိပါကြောင်း၊ အခြားပြည်နယ်/တိုင်းများတွင်လည်း ယခုကဲ့သို့ ဖွဲ့စည်းပြီး ဌာနရှိအမျိုးသမီးဝန်ထမ်းများ ကာကွယ်စောင့်ရှောက်လျက်ရှိနေပါကြောင်း၊
ယနေ့အခမ်းအနားတွင်လည်း အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့မှ ဌာနများ၊ ဝန်ထမ်းသား/သမီးများမှ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား ပညာရေးထောက်ပံ့မှုဖြင့် ကျောင်းဝတ်စုံနှင့် ကျောင်းလွယ်အိတ်၊ဘောပင်၊ခဲတံ၊ရေဘူး စသည့်ပစ္စည်းများ လှူဒါန်းပွဲဖြစ်ပါကြောင်းနှင့် ဝန်ထမ်းသား/သမီးများ၏ ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းသို့ အခက်ခဲမရှိပညာသင်ကြားနိုင်ရေးတွင် တက်နိုင်သမျှ မိမိတို့အဖွဲ့မှ ကူညီစောင့်ရှောက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုထက်ပိုပြီး ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် အခမ်းအနားတက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါရန်နှင့် မိမိတို့၏ အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ ပိုမိုခိုင်မာ တောင့်တင်းလာစေရေးအတွက်ကူညီပံ့ပိုးပေးနိုင်ကြပါရန် အမှာစကားပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ဝန်ထမ်းသား/သမီးများ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၈၄)ဦးအတွက် ငွေကျပ်(၂၅,၅၉,၉ဝဝ/-)နှင့်ညီမျှသော ထောက်ပံ့ပစ္စည်းများအား လှူဒါန်းပေးအပ်ချီးမြှင့်ရာ ဌာနတွင်းကိုယ်စားလှယ်တစ်ဦးစီမှ လက်ခံရယူခဲ့ပါသည်။
ထို့နောက် လှူဒါန်းငွေနှင့် ထောက်ပံ့ပစ္စည်းများလက်ခံရရှိသူများကိုယ်စား ဌာနတွင်းကိုယ် စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိပါသည်။