ဘားအံ၊ သြဂုတ် ၁
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံ (လူငယ်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပရာ ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက် အားပေးချီးမြှင့်ပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ရှေ့ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်ဘောလုံးအသင်းနှင့် ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပွဲကစားချိန်အတွင်း တစ်ဖက်(၁)ဂိုးစီဖြင့် သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ကစားရာ ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းက (၄)ဂိုး(၃)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်သည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးက ဗိုလ်လုပွဲနေ့ အကောင်းဆုံး အားကစားသမားဆုကိုလည်ကောင်း၊ ပအိုင်း တိုင်းရင်းသား လူမျိုးများရေးရာ၀န်ကြီး ဦးခွန်မျိုးတင့်နှင့် လူ၀င်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်၀န်ကြီး ဦးမင်းကိုခိုင်တို့က ပထမဆု ရရှိသော ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသော ဘားအံမြို့နယ်ဘောလုံး အသင်းတို့မှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များကို လည်ကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးသိန်းကိုကို၊ ပြည်နယ် စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေး၊ လျှပ်စစ်နှင့်စက်မှု၀န်ကြီး ဦးစိုးလှိုင်နှင့် စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီး ဦးစောမြင့်ဦးတို့က နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများကိုလည်ကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပူးတွဲတတိယဆု ရရှိသော ကြာအင်းဆိပ်ကြီး မြို့နယ်နှင့် မြ၀တီမြို့ ဘောလုံးအသင်း တို့အားလည်ကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဦးသန်းနိုင်က ဒုတိယဆုရရှိသော ဘားအံမြို့နယ် ဘောလုံး အသင်းအားလည်းကောင်း ဆုများပေး အပ်ချီးမြင့်ခဲ့ပြီး ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အနိုင်ရဗိုလ်စွဲသွားသော ကော့ကရိတ် မြို့နယ် ဘောလုံးအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုကလပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဘောလုံး အသင်း(၇)သင်း ပြိုင်ပွဲ၀င် အားကစား သမား ၁၄၀ ဦး ၀င်ရောက် ယှဉ်ပြိုင်ကစားကြပြီး အုပ်စု(၂)စုခွဲ၍ ပွဲစဉ်ပေါင်း ၁၂ ပွဲဖြင့် ဇူလိုင်လ ၁၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ကြကာ ပြိုင်ပွဲမှထူးချွန် ထက်မြက်သည့် အားကစားသမားများအား ပြည်နယ်လက်ရွေးစင် အဖြစ်ရွေးချယ်၍ စက်တင်ဘာလတွင် နေပြည်တော်၌ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၇)နှစ် အောက် ဘောလုံးပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)