spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကျင်းပ၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြား

SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကျင်းပ၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြား

နေပြည်တော်၊ဇူလိုင်(၃၁)ရက်။      

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးကျော်ဦး၊ အာရှဘော်လီဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့၀င်များ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးသိန်း၀င်းနှင့် တာ၀န်ရှိသူများ၊ ပြိုင်ပွဲ၀င်နိုင်ငံ(၁၆)နိုင်ငံမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲ၀င်အားကစားသမားများ တက်ရောက်ကြပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကို လာရောက်ကြတဲ့ ဒိုင်အဖွဲ့များ၊ နည်းပြများနှင့် အားကစားသမားများအားလုံးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုယ်စား နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပါကြောင်း၊ ဒီနှစ်ကျင်းပတဲ့ ပြိုင်ပွဲဟာဆိုရင် ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ခုနှစ်တွင် ကျင်းပမည့် အမျိုးသားအသက်(၂၃)နှစ် အောက် ကမ္ဘာ့ပြိုင်ပွဲအတွက် လက်ရည်စစ်သည့်ပွဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဘော်လီဘောအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလွန်ပင်အကျိုးရှိစေမည့်ပြိုင်ပွဲဖြစ်ပါကြောင်း၊  အာရှတိုက်ရှိ လူငယ်များ ငြိမ်းချမ်းခြင်းနှင့် လူငယ်များကြားရေရှည်ဆက်ဆံရေးတည်တံ့ခိုင်မြဲစေဖို့ မျှော်လင့်ပါကြောင်း၊ အာရှဘော်လီဘောအဖွဲ့ချုပ်မှ တာ၀န်ရှိသူများနှင့် ပြည်တွင်းမှ ပြိုင်ပွဲကျင်းပရေးအဖွဲ့တို့၏ ကောင်းမွန်သောခေါင်းဆောင်မှုဖြင့် ယခုပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်မှုအပေါ် အထူးပင်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်နှင့် တာ၀န်ရှိသူများမှ ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်ပြီးအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

ယင်းနောက်ပြိုင်ပွဲ၀င်အသင်းများ ကွင်းအတွင်းမှာပြန်လည်ထွက်ခွာပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းကာ ယနေ့ပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ဒုတိယ၀န်ကြီးနှင့်တာ၀န်ရှိသူများမှ ကြည့်ရှုအားပေးခဲ့သည်။ ပြိုင်ပွဲအပြီး အိမ်ရှင်မြန်မာအသင်းမှ ဟောင်ကောင်အသင်းကို(၂၅-၂၀)မှတ်၊ (၂၅-၂၂)မှတ်၊ (၂၅-၂၂)မှတ် သုံးပွဲပြတ်ဖြင့် ပွဲဦးထွက်အနိုင်ရရှိခဲ့ပါသည်။

ယနေ့ပွဲစဉ်များအဖြစ် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ  နယူးဇီလန်အသင်းနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားကြရာ (၂၅-၂၂)မှတ်၊ (၁၇-၂၅)မှတ်၊ (၁၇-၂၅)မှတ် (၁၀-၂၅)မှတ် ထိုင်းအသင်းမှ (၄)ပွဲ (၁)ပွဲဖြင့် အနိုင်ရရှိသွားပါသည်။ ကာတာအသင်းနှင့် ပါကစ္စတန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားနေကြောင်း သိရှိပါရသည်။

ဆက်လက်၍၀ဏ္ဏသိဒ္ဓိအားကစားရုံ(C)၌  ကာဇက်စတန်အသင်းနှင့် ဗီယက်နမ်အသင်း၊ ဘာရိန်းအသင်းနှင့် တရုတ်(တိုင်ပေ)အသင်း၊ ဆော်ဒီအာရေးဘီးယားအသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားနေကြောင်း သိရှိရပါသည်။

အဆိုပါ SMM 3rd U-23 Asian Men's Club '' Asia World Foundation '' Volleyball Championship ပြိုင်ပွဲကို အိမ်ရှင်မြန်မာနိုင်ငံအပါအ၀င် သြစတေးလျနိုင်ငံ၊ တရုတ်နိုင်ငံ၊ တရုတ်(တိုင်ပေ)နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာ၊ ဂျပန်နိုင်ငံ၊ ဟောင်ကောင်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ဆော်ဒီအာရေးဘီးယား နိုင်ငံ၊ ကာတာနိုင်ငံ ပြိုင်ပွဲ၀င်နိုင်ငံပေါင်း (၁၆)နိုင်ငံမှ စုစုပေါင်း အားကစားသမားဦးရေ (၃၂၀)ဦး ၀င်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၃.၈.၂၀၁၉)ရက်နေ့မှ (၁၁.၈.၂၀၁၉)ရက်နေ့ထိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ (B)နှင့်(C)တို့၌ နေ့စဉ်နံနက် (၁၁)နာရီအချိန်မှစတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို စိတ်ပါ၀င်စားသူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/smm-3rd-u-23-asian-mens-club-asia-world-foundation-volleyball-championship-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A