ရန်ကုန် ဩဂုတ် ၆
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် ၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့ ညနေ ပိုင်းက ကျင်းပရာ မြန်မာအသင်း အဖွင့်ပွဲ တွင် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲ အဖြစ် လာအိုအသင်းနှင့် ယှဉ်ပြိုင် ကစားရာ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲ တွင် ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ခွင့်အတွက် အခွင့်အရေးပိုကောင်းစေခဲ့သည်။
မြန်မာအသင်းသည် လာအိုကို အနိုင်ရသော်လည်း ဒုတိယပိုင်းကစားပုံအရ လိုအပ်ချက်များရှိနေပြီး အပြောင်းအလဲပြုလုပ်ရန် လိုအပ်နေသည်။
မြန်မာအသင်းသည် ပထမပိုင်းတွင် ကစားပုံပိုကောင်းသလို လာအိုဂိုးပေါက်ကို လည်း ခြိမ်းခြောက်နိုင်ခဲ့သည်။ သက်တမ်းအလိုက်ပြိုင်ပွဲများတွင် ရလဒ်ကောင်းလေ့ ရှိသည့် လာအိုအသင်းမှာလည်း မြန်မာအသင်းကို ဖိအားပေးနိုင်ခဲ့ပြီး မိနစ် ၃၀ ကျော် တွင် နှစ်ဂိုးဆက်ပေးလိုက်ရသောကြောင့် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ မိနစ် ၃၀ တွင် မြန်မာအသင်း ဂိုးစရခဲ့ပြီး အောင်ကိုဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်း တွင် မြန်မာအသင်း ကစားပုံပိုကောင်းလာပြီး ၃၇ မိနစ်တွင် ဝေယံစိုးက ပြစ်ဒဏ်ဘောမှ တစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့သည်။ ၄၈ မိနစ်တွင် လာအိုအသင်း ချေပဂိုးပြန်ရခဲ့ပြီး ယင်းဂိုးကြောင့် မြန်မာအသင်း လက်ကျန်မိနစ်များတွင် ရုန်းကန်ခဲ့ရသည်။ မြန်မာ အသင်းသည် ဒုတိယပိုင်းတွင် ကစားပုံပျက်သွားပြီး ရသင့်သည့်ဂိုးသွင်းခွင့်များလည်း အသုံးမချနိုင်ခဲ့ပေ။ ၈၂ မိနစ်တွင် လာအိုအသင်းမှ ကစားသမားတစ်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံရ၍ မြန်မာအသင်း တစ်ယောက်အသာရသွားပြီး မိနစ် ၉၀ တွင် ဇော်ဝင်းသိန်းက တတိယဂိုးသွင်းယူခဲ့သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ လာအိုတို့နှင့် အုပ်စု (က) တွင် ကျရောက်နေပြီး ဒုတိယပွဲအဖြစ် ဩဂုတ် ၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်သည်။
ညီမြတ်သော်တာ