spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏအား ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်း စတင်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏအား ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်း စတင်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏ၌ ကျင်းပခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏအား ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်း စတင်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chenhai နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးစီးပွားရေးသံမှူး မစ္စတာရှန်ကော်ရှန် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

  • မြန်မာနိုင်ငံ အားကစားလောက၏ ပုံရိပ်သဖွယ်ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်လည်းဖြစ်သော အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏအား ခေတ်မီ အားကစားလေ့ကျင့်ရေးဆိုင်ရာ ပစ္စည်းများဖြင့် နိုင်ငံတကာအဆင့်မီ ပြန်လည်ပြင်ဆင်ပေးသွား မည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊
  • ပရိတ်သတ် (၁၀၈၂၅) ဦးဆံ့သည့် အမျိုးသားအားကစားရုံ (၁) အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကူညီမှုဖြင့် (၁၉၈၃) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၈၆) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ယခုအထိ ခိုင်မာကောင်းမွန်စွာဖြင့်ရှိနေပြီး အရေးကြီးသည့် ပြင်တွင်းနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၊ အားကစားလှုပ်ရှားမှုများ၊ တွေ့ဆုံဆွေးနွေးပွဲများ များစွာပြုလုပ်အသုံးချနိုင်ခဲ့ပါကြောင်း၊
  • ယခုအခါ အားကစားရုံကြီး၏ စွမ်းဆောင်ရည်များပိုမိုကောင်းမွန်စေရန် ခေတ်မီ အားကစားလေ့ကျင့်မှုဆိုင်ရာ၊ လျှပ်စစ်နှင့် စက်ပိုင်းဆိုင်ရာများ တပ်ဆင်ခြင်းအပါအဝင် အပါအဝင် အဆောက်အဦတစ်ခုလုံးအား မူလပုံစံမပျက်ဘဲ (၂) နှစ်တာကာလအချိန်အတွင်း ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ပါကြောင်း၊
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကူညီမှုဖြင့် ယွမ် (၂၂၀) သန်းကုန်ကျမည့် အမျိုးသားအားကစားရုံ (၁) ပြန်လည်ပြင်ဆင်ခြင်းစီမံကိန်း လုပ်ငန်းများအတွက် (၁၂-၇-၂၀၁၉) ရက်နေ့တွင် 5th China-Myanmar Joint Committee Meeting on Economic, Trade and Technical Cooperation ကျင်းပစဉ်အတွင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊
  • ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများပြီးစီးသည့်အခါ ကမ္ဘာ့အဆင့်မီအားကစားရုံကြီးအဖြစ် ပေါ်ထွက်လာကာ နှစ်ရာချီတိုင်ဆက်လက်တည်ရှိနေမည်ဖြစ်ပါကြောင်း၊
  • မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ်ဖြစ်သည့် အားကစားရုံကြီးတွင် အားကစား ပြိုင်ပွဲ၊ အားကစားလှုပ်ရှားမှုများဆောင်ရွက်မည့် အားကစားသမားများ၊ နည်းပြများနှင့် ပရိတ်သတ်များအနေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲသည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်မည်ဖြစ်ပါကြောင်း၊
  • အားကစားကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် -

  • အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏသည် တည်ဆောက်ပြီးစီးခဲ့သည့် (၁၉၈၆) ခုနှစ်မှစ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပြယုဒ်အဖြစ်တည်ရှိခဲ့ကာ အားကစားသမားများနှင့် ပြည်သူများ အတွက် အလွန်တန်ဖိုးရှိခဲ့ပါကြောင်း၊
  • နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်သည့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး သည့် အားကစားရုံကြီးအား ကမ္ဘာ့အဆင့်မီပြန်လည်ပြင်ဆင်ရန် ကူညီသွားမည်ကို ကျေးဇူးတင် ရှိပါကြောင်း၊
  • နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းကာ နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်နိုင်ပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chenhai က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် -

  • တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အားကစား၊ ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ စီးပွားရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံတွင် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာဖြင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊
  • အားကစားရုံကြီးသည် လက်ရှိတွင် ကောင်းမွန်စွာအသုံးချဆောင်ရွက်နိုင်သေးသော်လည်း အသွင်သစ်ဖြင့် နိုင်ငံတကာအဆင့်မီပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ယခုအားကစားရုံကြီး ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများကဲ့သို့ မြန်မာနိုင်ငံပြည်သူများ အကျိုးရှိစေမည့် လုပ်ငန်းများကို နှစ်နိုင်ငံရင်းနှီး ချစ်ကြည်စွာဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမောင်မောင်စိုး နှင့် အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊  ရှန်ဟိုင်းဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) မှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ တာဝန်ရှိသူများ နှင့် အတူ ယနေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (Unicef) အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. June Kunugi၊ နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ဘဏ္ဍာငွေစီးဆင်းမှုစီမံခန့်ခွဲခြင်း စံလုပ်ထုံးလုပ်နည်းကို အပြီးသတ်ပြုစု နိုင်ရေး၊ Gavi, the vaccine alliance (GAVI) မှ ကျန်းမာရေးစနစ်တိုးတက်ကောင်းမွန်စေသော လုပ်ငန်းများ ဒုတိယအဆင့် အစီအစဉ် (GAVI HSS - 2) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအတွက် GAVI နှင့် Unicef တို့က တစ်ဖက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အခြားတစ်ဖက်အနေဖြင့် နှစ်ဖက်သဘောတူညီမှု (bilateral agreement) အဖြစ် လက်မှတ်ရေးထိုးသွားနိုင်ရေး၊ Gavi HSS – 2 လုပ်ငန်းများအတွက် GAVI ၏ အထောက်အပံ့ဖြင့် လက်ထောက်စာရင်းအင်း မှူးများ အမြန်ဆုံးခန့်အပ်သွားနိုင်ရေး ကိစ္စရပ်များ၊ GAVI ၏ရန်ပုံငွေကို တရားဝင်ရရှိထောပ်ပံ့ပေးအပ်နိုင်ရန်အတွက် အကောင်အထည်ဖော်မှု မိတ်ဖက်အဖွဲ့ အစည်းဖြစ်သည့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် ဝန်ကြီးဌာန တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေး၊ ဝန်ကြီးဌာနမှ အမျိုးသား အာဟာရဖွွံ့ဖြိုးရေးနှင့်သုသေသနဌာနခွဲ (National Nutrition Center) ကို အားဖြည့် ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသား အဆင့် အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ (၅)နှစ် စီမံကိန်း (Multi-sectoral national plan of action on nutrition) (၂၀၁၈-၂၀၂၃) အကောင်အထည်ဖော်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဝန်ကြီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များထံသို့ ဖြန့်ဝေပေးသွားမည့် Mobile Tablet (၁၄,၀၀၀)ခု ကို GAVI ၏ ရန်ပုံငွေဖြင့် Unicef အဖွဲ့မှ အမြန်ဆုံးဝယ်ယူနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%B7%E1%80%9E%E1%80%99%E1%80%B9%E1%80%99%E1%80%90%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8F-%E1%80%A1%E1%80%80%E1%80%B0%E1%80%A1%E1%80%8A%E1%80%AE%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B%E1%80%AF%E1%80%B6-%E1%81%81%E1%81%8A-%E1%80%9E%E1%80%AF%E1%80%9D%E1%80%8F%E1%80%B9%E1%80%8F%E1%80%A1%E1%80%AC%E1%80%B8-%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA