spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမအားကစားသမား အပြီးသတ်ရွေးချယ်

အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမအားကစားသမား အပြီးသတ်ရွေးချယ်

 

ရန်ကုန် ၁၇ သြဂုတ်

အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အလေးမကစားသမား အပြီးသတ်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် လေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ အမျိုးသား လေးတန်းပြိုင်ပွဲတွင် ခုနစ်ဦး၊ အမျိုးသမီးခြောက်တန်းတွင် ၁၁ ဦးတို့က အမြန်မ နှစ်ဆင့်မ ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအတွက် အမျိုးသားလေးဦး အရံတစ်ဦး အမျိုးသမီးခြောက်ဦး အရံတစ်ဦး စုစုပေါင်း ၁၂ ဦးကို ဆီးဂိမ်းပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ကြသည်။ 

ယင်းအလေးမ လူရွေးချယ်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် အမှုဆောင်များ၊ အကဲဖြတ်ဒိုင်းများ တက်ရောက်ကြည့်ရှုခဲ့ကြပြီး အားကစားသမားများအတွက် AA Medical Produts ကုမ္ပဏီမှငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့ကြသည်။


“ကျွန်တော်တို့ မတ်လထဲက အမျိုးသား ၁၀ ဦး အမျိုးသမီး ၁၂ ဦး စခန်းသွင်း လေ့ကျင့်ခဲ့တယ်။ ဇွန်လက အိုလံပစ်နေ့မှာလည်း အလေးမအားကစားသမားများကို ပဏမရွေးချယ်ပွဲ ပြုလုပ်ခဲ့တယ်။ ယခုရွေးချယ်ပွဲမှာ စံချိန်တွေကိုကြည့်ပြီး ရွေးတာဖြစ်တယ်။ ဆီးဂိမ်းမှာ ဝိတ်တန်းမပါတဲ့ ကစားသမားတွေလည်းရှိတယ်။ နောက်ဆီးဂိမ်းမှာ ဝိတ်တန်းပါရင် ယှဉ်ပြိုင်နိုင်အောင်လို့လည်း လေ့ကျင့်ထားတယ်။ နိုင်ငံတကာပြိုင်ပွဲတွေအတွက် အရန်အနေနဲ့ မျိုးဆက်သစ် ရွေးထားရပါတယ်။ ဆီးဂိမ်းရွေးချယ်ထားတဲ့ အားကစားသမားများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ပူးတွဲလေ့ကျင့်မှုတွေလုပ်ဖို့ အောက်တိုဘာမှာ သွားဖို့လည်းရှိပါတယ်။ ဆီးဂိမ်းမှာကစားသမားများ ရွှေတံဆိပ်ရရင် အဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ဖို့လည်းရှိတယ်။ ရွှေတံဆိပ်ဆုရဖို့လည်း မျှော်မှန်းထားပါတယ်” ဟု မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးကပြောသည်။ 

အဆိုပါဆီးဂိမ်းပြိုင်ပွဲ၌ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက အလေးမ အားကစားနည်း အမျိုးသားလေးတန်း အမျိုးသမီးခြောက်တန်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာအလေးမအဖွဲ့အနေဖြင့် အတန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- အာကာစိုး


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%81%83%E1%81%80-%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%BC%E1%80%AE%E1%80%B8%E1%80%9E%E1%80%90%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%9A%E1%80%BA